အကြမ်းဖက် ဆန္ဒပြမှုတွေ မြင့်တက်နေမှုကို နှိမ်နင်းရန်ရည်ရွယ်တယ်လို့ ဆိုပါတယ်။
Ko John

ဆန္ဒပြမှုတွေ လေးလနီးပါးကြာ ဖြစ်ပွားနေခဲ့တဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူများ မျက်နှာဖုံးတပ်ဆင်မှုကို တားမြစ်ပိတ်ပင်တဲ့ အရေးပေါ် စည်းမျဉ်းဥပဒေတစ်ရပ်ကို အုပ်ချုပ်ရေးမှူး ကာရီလမ်က ယနေ့ (အောက်တိုဘာ ၄ ရက်) ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(Photo: Reuters)

ဟောင်ကောင်မှာ အကြမ်းဖက် ဆန္ဒပြမှုတွေ မြင့်တက်နေမှုကို နှိမ်နင်းရန်ရည်ရွယ်ပြီး ထိုသို့ တားမြစ်မိန့်ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေ မျက်နှာဖုံးတပ်ဆင်မှု တားမြစ်ပိတ်ပင်မှုကို ကိုလိုနီခေတ် ဥပဒေအရ စတင်သက်ရောက်မှာဖြစ်ပြီး အာဏာပိုင်တွေက အများပြည်သူ အကျိုးစီးပွားနဲ့ပတ်သက်ပြီး မည်သည့်စည်းမျဉ်းတွေကိုမဆို ဆောင်ရွက်ခွင့်ရှိကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဟောင်ကောင်မှာ ယခုကဲ့သို့ အရေးပေါ် စည်းမျဉ်းဥပဒေထုတ်ပြန်မှုဟာ ၅၂ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဟောင်ကောင်ဆန္ဒပြမှုမှာ ပါဝင်ကြတဲ့ ဆန္ဒပြသူတွေဟာ သက်ဆိုင်ရာ အလုပ်ရှင်တွေက ၎င်းတို့ကို ဖိအားပေး အရေးယူနိုင်မှုကို စိုးရိမ်တာကြောင့် မျက်နှာဖုံးများတပ်ဆင်ပြီး မည်သူမှန်း မသိစေရန် ဖုံးကွယ်ထားကြပါတယ်။

(Photo: AFP)

"ဒီဥပဒေက မျက်နှာဖုံးတပ်ပြီး အကြမ်းဖက်ဆန္ဒပြသူတွေနဲ့ ဆူပူအုံကြွသူတွေကို အဟန့်အတားဖြစ်စေမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်၊ နောက်ပြီး ဥပဒေက ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဥပဒေလိုက်နာစေရန် ဆောင်ရွက်ရာမှာ အကူအညီဖြစ်ပါလိမ့်မယ်" လို့ ကာရီလမ်ကဆိုပါတယ်။

တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေဟာ လေးလနီးပါကြာ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး အကြမ်းဖက်မှု မြင့်တက်လာခြင်းက ဟောင်ကောင်ကို ပရမ်းပတာနဲ့ ကျီးလန့်စာစား အခြေအနေသို့ဦးတည်နေတဲ့ အလွန်စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိနေပြီလို့လည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးက သုံးသပ်ခဲ့ပါတယ်။

(Photo: AFP)

"ဒီ အကြမ်းဖက်ဆန္ဒပြမှုတွေ ဒါမှမဟုတ် ဆူပူအုံကြွမှုတွေတောင်မှ ကျောင်းသားအများအပြား ပါဝင်နေကြပြီး သူတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အနာဂတ်ကို ထိခိုက်နေတာကို ကျွန်မတို့ အထူးပဲ စိုးရိမ်မိပါတယ်" လို့ ကာရီလမ်က ပြောပါတယ်။

အစိုးရအနေနဲ့ အကြမ်းဖက်မှုရပ်တန့်ရန် လုပ်ဆောင်နိုင်သမျှအားလုံး လုပ်ဆောင်သွားရတော့မှာဖြစ်ကြောင်း၊ အရေးပေါ် စည်းမျဉ်းဥပဒေကျင့်သုံးရန် ဆုံးဖြတ်မှုဟာ ခက်ခဲကြောင်း၊ သို့သော် အများပြည်သူအကျိုးစီးပွားအတွက် မလွှဲမရှောင်သာ လုပ်ဆောင်ရမှုဖြစ်ကြောင်း သူမက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: EPA)

ဟောင်ကောင်မှာ အောက်တိုဘာ ၁ ရက် တရုတ်အမျိုးသားနေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခတွေ အဆိုးဆုံးဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦးက ဆယ်ကျော်သက်အရွယ် ဆန္ဒပြကျောင်းသာတစ်ဦးကို အနီးကပ် ပစ်ခတ်ခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းအရ အဆိုပါ ဆယ်ကျော်သက်ပါဝင်တဲ့ ဆန္ဒပြလူအုပ်စုက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ခဲ့ကြတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ပစ်ခတ်ခံရတဲ့ ဆယ်ကျော်သက်အပါအဝင် ခုနစ်ဦးကို ဆူပူအုံကြွမှုနဲ့ ရဲအရာရှိတွေကို လက်ရောက်ကျူးလွန်မှုတို့ဖြင့် ယမန်နေ့ (အောက်တိုဘာ ၃ ရက်) က စွဲချက်တင်ခဲ့ပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အလွန်အန္တရာယ်ရှိနေကြောင်း ရဲတပ်ဖွဲ့က သတိပေးထားခဲ့ပြီး အကြမ်းဖက်ဆန္ဒပြမှုတွေ မြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရန် တားမြစ်ပိတ်ပင်တဲ့ ကာဖျူးအမိန့်ထုတ်ပြန်ရန်လည်း အစိုးရကို တိုက်တွန်းထားပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ယနေ့ ထုတ်ပြန်ကြေညာလိုက်ပြီး မနက်ဖြန် (အောက်တိုဘာ ၅ ရက်) မှာ စတင်သက်ရောက်မယ့် မျက်နှာဖုံးမတပ်ဆင်ရ ဥပဒေကို ဖီဆန်သွားမယ်လို့ ဆန္ဒပြသူတွေက ပြောကြားထားပြီး ထိုဥပဒေ ကြေညာပြီးနောက် ချက်ချင်းပင် လမ်းပေါ်ထွက်ကာ တုံ့ပြန်ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။ ယခု အခြေအနေတွေအရ ဟောင်ကောင်မှာ မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေနိုင်ဖွယ်ရှိနေပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: Reuters, CNA


က္က