ဟောင်ကောင်ကိုလည်း ယခု သီတင်းပတ်ကုန်မှာ ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ယခု သီတင်းပတ်ကုန်မှာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းကို ဝင်ရောက်တိုက်ခတ်မယ့် အလွန်အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းမန်ဂွတ်ဟာ ဟောင်ကောင်ကိုလည်း ဖြတ်သန်းတိုက်ခတ်မှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ယနေ့ (စက်တင်ဘာ ၁၃ ရက်) စတင်လုပ်ဆောင်နေကြောင်း သိရပါတယ်။

(Photo: AFP/Anthony Wallace)



စူပါတိုင်ဖွန်းမန်ဂွတ် (Super Typhoon Mangkhut) ဟာ ဟောင်ကောင်ကိုလည်း ယခု သီတင်းပတ်ကုန်မှာ ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ မုန်တိုင်းဟာ ဆယ်စုနှစ်များအတွင်း ဟောင်ကောင်ကို ဝင်ရောက်တိုက်ခတ်မယ့် အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဖွယ်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ပြောပါတယ်။ ဟောင်ကောင်ကို လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၉ မိုင်အထိဖြင့် တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ တိုင်ဖွန်းမန်ဂွတ်ဟာ ၁၉၆၂ ခုနှစ်က လူသေဆုံးမှုများပြားခဲ့တဲ့ စူပါတိုင်ဖွန်းဟတ်တိုထက် ပိုမိုအားကောင်းတယ်လို့ သိရပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းပြမြေပုံ (Map: HKO/AFP)

စူပါတိုင်ဖွန်းမန်ဂွတ်ဟာ ဟောင်ကောင်ကို ဝင်ရောက်ခြင်းမပြုမီ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း ကုန်းတွင်းပိုင်းကို သောကြာနေ့ (စက်တင်ဘာ ၁၄ ရက်) နဲ့ စနေနေ့ (စက်တင်ဘာ ၁၅ ရက်) တို့မှာ ဖြတ်သန်းတိုက်ခတ်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ စူပါတိုင်ဖွန်းမန်ဂွတ် ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် ဖိလစ်ပိုင်မှာ လူဦးရေ ၁၀ သန်းနဲ့ လူနေထူထပ်တဲ့ တရုတ်ကမ်းရိုးတန်းဒေသမှာ နောက်ထပ် လူဦးရေးသန်းနဲ့ချီပြီး မုန်တိုင်းအန္တရာယ်ရှိနေပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်းမန်ဂွတ် (Photo: AFP)

စူပါတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်မှာဖြစ်တာကြောင့် ဖိလစ်ပိုင်ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြသူ ထောင်ပေါင်းများစွာကို အာဏာပိုင်တွေက ယနေ့စတင်ရွှေ့ပြောင်းစေခဲ့ကြောင်းလည်း သိရပါတယ်။ တိုင်ဖွန်းမန်ဂွတ်ဟာ ယခုနှစ်အတွင်း ဖိလစ်ပိုင်ကိုဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ၁၅ ခုအနက် အားအကောင်းဆုံးဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်ခတ်အပြီး ကယ်ဆယ်ရေးအတွက် လေ့ကျင့်နေစဉ် (Photo: EPA)

ဖိလစ်ပိုင်ကို နှစ်စဉ် တိုင်ဖွန်းနဲ့ အပူပိုင်းမုန်တိုင်း ပျမ်းမျှအရေအတွက် ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိရာ သေဆုံးသူအရေအတွက် ရာနဲ့ချီပြီး လူဦးရေသန်းနဲ့ချီကာ ဆင်းရဲမွဲတေမှုဖြစ်စေပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း အပူပိုင်းမုန်တိုင်းယာဂီနဲ့ မုတ်သုန်မိုးတွေကြောင့် လူဇွန်ကျွန်း အလယ်ပိုင်းဒေသအပြင် မနီလာမြို့တော်မှာလည်း ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ လူသေဆုံးမှုအများဆုံး မုန်တိုင်းမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာအတွင်း တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန် ဖြစ်ပါတယ်။ အဆိုပါ စူပါတိုင်ဖွန်းကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းမှာ လူဦးရေ ၇,၃၅၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က