အောက်တိုဘာ ၁၃ ရက် ဆန္ဒပြမှုများအတွင်း ရဲကားအနီးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားနေခဲ့တဲ့ လေးလကျော်ကြာ ဆန္ဒပြမှုများအတွင်း ပထမဆုံးအကြိမ် အဝေးထိန်းစနစ်သုံး အိမ်လုပ်ဗုံးတစ်လုံး အသုံးပြုမှု တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Kin Cheung/AP)

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ဗုံးများနဲ့ဆင်တူဖြစ်တဲ့ အိမ်လုပ်ဗုံးတစ်လုံးကို အောက်တိုဘာ ၁၃ ရက်နေ့ ဆန္ဒပြမှုများအတွင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မြောက်ပိုင်း Kowloon နယ်မြေ Mong Kok နေရာမှာ ရဲတပ်ဖွဲ့မော်တော်ယာဉ် ဖြတ်သန်းသွားပြီး ရဲအရာရှိတွေက လမ်းပိတ်ဆို့ထားမှုတွေကို ရှင်းလင်းနေစဉ် အဆိုပါ အိမ်လုပ်ဗုံးကို အဝေးထိန်းစနစ်ဖြင့် မိုဘိုင်းဖုန်းတစ်လုံးကနေ ထိန်းချုပ်ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။



(Photo: Hong Kong Police)

"ဒီ လူထုဆူပူအုံကြွမှုတွေအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့ အိမ်လုပ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ပါတယ်၊ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီလောက်က ကျွန်တော်တို့ ရဲတပ်ဖွဲ့ကားတစ်စီး Mong Kok မှာရှိတဲ့ Nathan လမ်းမကနေ ဖြတ်သန်းသွားတုန်း ကားနဲ့ခြောက်ပေမှ ၁၀ ပေနီးပါးအကွာမှာ ပေါက်ကွဲမှုအချို့ဖြစ်ပွားခဲ့ပါတယ်" လို့ လက်ထောက်ရဲမင်းကြီး Tang Ping-keung က ပြောကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ 

"ဒီလို ပေါက်ကွဲမှုတွေက ကျွန်တော်တို့ရဲ့ အရာရှိတွေကို တိုက်ခိုက်ဖို့ရည်ရွယ်ခဲ့တယ်လို့ ယုံကြည်ပါတယ်၊ ဒီလို ဖောက်ခွဲရေးပစ္စည်းတွေ လုပ်နေတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်၊ ဒါက လူအများအပြား သေဆုံးဒဏ်ရာရနိုင်တဲ့ အလွန်အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်" လို့ ၎င်းကဆိုပါတယ်။

(Photo: Campus TV)

ထိုဗုံးပေါက်ကွဲမှုအတွင်း သေဆုံးဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က ငြိမ်းချမ်းစွာ စုရုံးချီတက်ဆန္ဒပြခဲ့ရာမှ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ဈေးဝယ်စင်တာတွေနဲ့ လမ်းမတွေပေါ်မှာ ထိပ်တိုက်တွေ့ပဋိပက္ခများ ဖြစ်ပွားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်များအတွင်း ဆန္ဒပြသူတွေက Mong Kok ရဲစခန်းကို ဓာတ်ဆီပုလင်းဗုံး ၂၀ ခန့်ဖြင့် ပစ်ပေါက်ခဲ့ကြပြီး Sha Tin မှာလည်း ရဲတပ်ဖွဲ့ကားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ ထိပ်တိုက်တွေ့ပဋိပက္ခများအတွင်း ဆန္ဒပြသူတစ်ဦးက ရဲအရာရှိတစ်ဦးရဲ့လည်ပင်းကို ဓားဖြင့်လှီးခဲ့တယ်လို့လည်း ဆိုပါတယ်။

(Photo: AFP)

"ဒီတိုက်ခိုက်မှုက ရဲအရာရှိကို သတ်ဖို့ရည်ရွယ်တာပဲ၊ ရဲတပ်ဖွဲ့ကို အကြမ်းဖက်မှုတွေက အသက်အန္တရာယ်ခြိမ်းခြောက်မှုအဆင့်ကို ရောက်လာပါပြီ၊ သူတို့က ဆန္ဒပြသူတွေ မဟုတ်ကြဘူး၊ သူတို့က ဆူပူအုံကြွသူတွေနဲ့ ပြစ်မှုကျူးလွန်သူတွေပါ၊ သူတို့က ဘာအတွက် တိုက်ပွဲဝင်နေတယ်ပြောပြော ဒီလို ဒုစရိုက်အဖွဲ့အစည်းပုံစံ အပြုအမူက မှန်ကန်တဲ့လုပ်ဆောင်မှု ဘယ်တော့မှမဖြစ်နိုင်ပါဘူး" လို့ Tang Ping-keung က ဖြည့်စွက်ပြောခဲ့ပါတယ်။ ထိုသို့လုပ်ဆောင်မှုတွေဟာ လူ့ကျင့်ဝတ်စည်းတွေအားလုံးကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဆိုပါတယ်။

(Photo: AFP)

ရဲအရာရှိတွေကို တိုက်ခိုက်မှုများအပြင် ဆန္ဒပြသူတွေက အဆောက်အအုံတွေကို မီးရှို့မှုကြောင့် သယ်ယူပို့ဆောင်ရေးနေရာများ ပျက်စီးမှုတွေရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ အရာရှိတွေက ဥပဒေနဲ့အညီ သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ တားဆီးပိတ်ပင်တာတွေ ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့၊ အဲဒီ ပြစ်မှုကျူးလွန်သူတွေနဲ့ ဆူပူအုံကြွသူတွေနဲ့ မပတ်သက်ကြပါနဲ့၊ ဟောင်ကောင်ကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရေးအတွက် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီကြပါ" လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က