စာသင်နှစ်သစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။
Ko John

ဟောင်ကောင်မှာ တက္ကသိုလ်နဲ့ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသူကျောင်းသား ထောင်နဲ့ချီပြီး စာသင်ခန်းများကို သပိတ်မှောက်ကာ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေမှာ ယနေ့ (စက်တင်ဘာ ၂ ရက်) ပါဝင်လာခဲ့ကြပါတယ်။

(ဟောင်ကောင် ကျောင်းသူကျောင်းသားများ ဆန္ဒပြမှု) (Photo: Reuters)

ကျောင်းသူကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြမှုဟာ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းဆိုက်နေတဲ့ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအနက် နောက်ထပ် အင်အားစုတစ်ခု ပါဝင်လာမှုလည်း ဖြစ်လာခဲ့ပါတယ်။ စီစဉ်သူတွေရဲ့ သပိတ်မှောက် ဆန္ဒပြမှုမှာ အဆိုအရ စာသင်ကျောင်း ၂၀၀ မှ ကျောင်းသူကျောင်းသား ၁၀,၀၀၀ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

သုံးလနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ဟောင်ကောင်ဆန္ဒပြမှုများအတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုတွေ သီတင်းပတ်ကုန်ရက်တွေမှာ ဖြစ်ပွားခဲ့ပြီးနောက် ကျောင်းသူကျောင်းသားတွေက စာသင်ခန်းကို သပိတ်မှောကာ လမ်းပေါ်ထွက် စုရုံးဆန္ဒပြခဲ့ကြပါတယ်။ သီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်အဓိရုဏ်းများအတွင်းဆန္ဒပြသူတွေက လမ်းအတားအဆီးများကို မီးရှို့ပြီး ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။

(ဆန္ဒပြနေသည့် ဟာင်ကောင် ကျောင်းသူကျောင်းသားများ) (Photo: AP)

ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရေအမြောက်နဲ့ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်ပြီး ရာဘာတုတ်များဖြင့် ရိုက်နှက်လူစုခွဲ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နေ့ (စက်တင်ဘာ ၁ ရက်) က MRT ဘူတာရုံနေရာအချို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား အကြမ်းဖက် ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေက MRT ဘူတာရုံနေရာတွေမှာ အကြမ်းဖက်ဖျက်ဆီးမှုများ လုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ ယနေ့မှာတော့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က MRT မြေအောက်ရထားလမ်းကြောင်း နေရာတွေကို စောင့်ကြပ်နေခဲ့တာ တွေ့ရပါတယ်။

(ဆန္ဒပြပွဲမှာ ပါဝင်ကြသည့် ကျောင်းသူကျောင်းသားများ) (Photo: Reuters)

ဟောင်ကောင်မှာ သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကျောင်းသူကျောင်းသားတွေက တရုတ်တက္ကသိုလ် (Chinese University of Hong Kong) အပြင်ဘက်ရှိ အနက်ရောင်နောက်ခံဖြင့် ပြင်ဆင်ထားတဲ့ ဟောပြောပွဲစင်မြင့်ရှေ့မှာ စုရုံးထိုင်နေခဲ့ကြပါတယ်။ ထိုဟောပြောပွဲစင်မြင့် နောက်ခံမှာတော့ 'Students in Unity Boycott for our City' ဆိုတဲ့ စာတန်းကို ရေးထိုးထားပါတယ်။

"နွေရာသီကျောင်းပိတ်ရက်တွေ ပြီးဆုံးခဲ့ရင်တောင်မှ ကျွန်တော်တို့ ပုံမှန်ကျောင်းပြန်တက်မှာ မဟုတ်ဘူးဆိုတာ တခြားသူတွေကို ပြောဖို့အတွက် ဒီနေရာကို ကျွန်တော် လာခဲ့တာပါ၊ ကျွန်တော်တို့ ဟောင်ကောင်အတွက် ဆက်လက် တိုက်ပွဲဝင်သင့်ပါတယ်" လို့ ချန်လို့သာ အမည်သိရတဲ့ အသက် ၁၉ နှစအရွယ် ကျောင်းသားတစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။

(စက်တင်ဘာ ၁ ရက် ဆန္ဒပြမှုအတွင်း အတားအဆီးများကို မီးရှို့ခဲ့မှု) (Photo: Reuters)

ဟောင်ကောင်မှာ စာသင်နှစ်သစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ယနေ့မှာ ကျောင်းသူကျောင်းသားတွေက သီချင်းသီဆိုခြင်း၊ သံပြိုင်ကြွေးကြော်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး လက်ချင်းတွဲကာ လူတန်းရှည်အဖြစ် ပုံဖော်ခဲ့ကြပါတယ်။ ကျောင်းသူကျောင်းသား အချို့ကတော့ ဆောက်လုပ်ရေးလုပ်ငန်းသုံး လုံခြုံရေးဦးထုပ်ဆောင်းပြီး မျက်နှာဖုံးများ တပ်ဆင်ထားတာ တွေ့ရပါတယ်။

ဟောင်ကောင်မှာ ရဲတပ်ဖွဲ့က ခွင့်မပြုဘဲ တားမြစ်ထားခဲ့ပေမဲ့ သီတင်းပတ်ကုန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ယမန်နေ့က ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်နေရာကို ပိတ်ဆို့ဆန္ဒပြမှုတွေကြောင့် ယမန်နေ့က လေကြောင်းခရီးစဉ် ၂၅ ခုကို ဖျက်သိမ်းခဲ့ရပေမဲ့ ယခုအခါ ဝန်ဆောင်မှုအများစု ပုံမှန်ပြန်ဖြစ်နေပြီလို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။

(ဆန္ဒပြ ကျောင်းသူကျောင်းသားများ) (Photo: Reuters)

စက်တင်ဘာ ၁ ရက် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့ကြောင်းလည်း သိရပါတယ်။ ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်လကျော် သုံးလအတွင်း သီတင်းပတ်ကုန် ရက်များအပြင် အခြား ရက်တွေမှာပါ ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ အကြမ်းဖက်အဓိရုဏ်းတွေလည်း မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

(MRT ဘူတာရုံမှာ စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့များ) (Photo: Reuters)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



က္က