ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ သုံးလကျော်ပြီဖြစ်ပါတယ်။
Ko John

ဟောင်ကောင်မှာ ယနေ့ (စက်တင်ဘာ ၂၉ ရက်) ဆက်လက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူတွေက ဓာတ်ဆီပုလင်းဗုံးနဲ့ကျောက်ခဲများဖြင့် ပစ်ပေါက်ကြပြီး ရဲတပ်ဖွဲ့က ရေအမြောက်၊ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များသုံးကာ ပစ်ခတ်လူစုခွဲပြီး ထိပ်တိုက်တွေ့ ပဋိပက္ခတွေအပြင်းအထန် ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

(Photo: Mohd Rasfan/ AFP)

ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ သုံးလကျော်ခဲ့ပြီဖြစ်ပြီး အကြမ်းဖက် အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ယနေ့ ဆန္ဒပြအဓိကရုဏ်းများအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပြေးလွှားရင်း ထိပ်တိုက်တွေ့မှုတွေ Causeway Bay ဈေးဝယ်ဧရိယာ၊ Wan Chai ဘားဆိုင်ဧရိယာနဲ့ ဟောင်ကောင်အစိုးရရုံးများ အခြေစိုက်ရာနေရာတွေမှာ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့်မြောက်တဲ့နေ့ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့အဖြစ် သတ်မှတ်ထားတဲ့ အောက်တိုဘာ ၁ ရက်နေ့အထိ ဟောင်ကောင်မှာ နောက်ထပ် ပိုများတဲ့ဆန္ဒပြမှုတွေ လုပ်ဆောင်ကြရန် စီစဉ်ထားတယ်လို့ဆိုပါတယ်။

(Photo: AFP)

ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ဥပဒေပြုကောင်စီ (ဟောင်ကောင်လွှတ်တော်) အဆောက်အအုံ အမိုးပေါ်မှလည်း မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ဆန္ဒပြသူတွေက ၎င်းတို့ဝတ်ဆင်လေ့ရှိတဲ့အတိုင်း အနက်ရောင်ဝတ်စုံနဲ့ မျက်နှာဖုံးများ တပ်ဆင်ထားကာ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုကို ထီးများဖြင့် အကာအကွယ်ယူခဲ့ကြတာ တွေ့ရပါတယ်။

ဆန္ဒပြသူတွေက လမ်းမများပေါ် ပစ္စည်းအမျိုးမျိုးဖြင့် အတားအဆီးများပြုလုပ်ထားကြပါတယ်။ Wan Chai ရထားဘူတာရုံမှာ ရဲတပ်ဖွဲ့ကို ဓာတ်ဆီပုလင်းဗုံးဖြင့် ပစ်ခဲ့တယ်လို့ဆိုပါတယ်။ ဆန္ဒပြသူတွေ ပစ်ပေါက်ခဲ့ကြတဲ့ ဓာတ်ဆီပုလင်းဗုံးတစ်ခုဟာ ဟောင်ကောင်အစိုးရရုံးများ အခြေစိုက်ရာနေရာအတွင်း ကျရောက်ခဲ့ပါတယ်။ ဟောင်ကောင်အစိုးရရုံး အဆောက်အအုံမှာ ပြတင်းပေါက်မှန်များ ကွဲကြေပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Kin Cheung/AP)

ဟောင်ကောင်မှာ ဆန္ဒပြအဓိကရုဏ်းတွေ ပြင်းထန်နေပြီး တရုတ်အမျိုးသားနေ့ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်အထိ ပိုမိုပြင်းထန်လာဖွယ် ရှိနေကြောင်းလည်း သုံးသပ်ထားကြပါတယ်။ ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အဓိက တောင်းဆိုချက်ငါးချက် ထုတ်ပြန်ထားခဲ့ရာ ဥပဒေမူကြမ်းကို လုံးဝရုပ်သိမ်းရန်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို ဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လည်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်စေခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းလိုက်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

(Photo: Reuters)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



က္က