ကျောင်းသူကျောင်းသားတွေ စာခိုးမချနိုင်ရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယကျောင်းတစ်ကျောင်းမှာ စာမေးပွဲဖြေဆိုစဉ် ကျောင်းသူကျောင်းသားတွေ စာခိုးမချနိုင်ရန် ခေါင်းမှာကတ်ထုတ်ပုံးစွပ်ပြီး ဖြေဆိုကြရတဲ့ ဓာတ်ပုံများ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီးနောက် ကျောင်းတာဝန်ရှိသူက တောင်းပန်ခဲ့ပါတယ်။

(Photo: ANI)

Karnataka ပြည်နယ် Haveri မြို့ရှိ Bhagat Pre-University College ကျောင်းမှာ ဓာတုဗေဒဘာသာရပ် ဖြေဆိုခဲ့စဉ်က ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံတွေအရ ကျောင်းသူကျောင်းသားတွေဟာ တစ်ဖက်မှာ လေးထောင့်အပေါက်ဖောက်ထားတဲ့ ကတ်ထူစက္ကူပုံးကို ဦးခေါင်းမှာစွပ်လျက်သား စာမေးပွဲဖြေဆိုနေကြတာ တွေ့ရပါတယ်။



အခြားသူတွေရဲ့ အဖြေလွှာစာရွက်ကို ခိုးမကြည့်နိုင်ရန် ထိုသို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ ရယ်စရာဖြစ်နေတဲ့ အဆိုပါ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက လူသိရှင်ကြား တောင်းပန်စကားပြောခဲ့ပါတယ်။ ၎င်းက ခရိုင်အစိုးရ တာဝန်ရှိသူတွေကိုလည်း ယခုဖြစ်ရပ်အတွက် တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: ANI)

ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက MB Satish က ကျောင်းသူကျောင်းသားတွေ စာခိုးမချနိုင်ရန် ပုံမှန်မဟုတ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့မှုအတွက် တောင်းပန်ပါကြောင်း BBC Hindi သတင်းဌာနမှတစ်ဆင့် ပြောခဲ့ပါတယ်။ ၎င်းတို့ကျောင်းက ယခုလုပ်ဆောင်မှုကို အခြားနေရာတွေမှာ အသုံးပြုကြောင်း ကြားရပြီးနောက် စမ်းသပ်တဲ့အနေဖြင့်သာ စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။

ယခုအစီအစဉ်ကိုလည်း ကျောင်းသူကျောင်းသားများရဲ့ သဘောတူညီချက်ဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသူကျောင်းသားတွေက ၎င်းတို့ကိုယ်ပိုင် ကတ်ထူစက္ကူပုံးများ ယူဆောင်လာခြင်းဖြစ်ကြောင်း MB Satish က အခိုင်အမာ ပြောပါတယ်။

(Photo: ANI)

"မလုပ်မနေရ လုပ်ရမယ်ဆိုတာမျိုး မရှိခဲ့ပါဘူး၊ ဓာတ်ပုံတွေထဲမှာ ကတ်ထူပုံးစွပ်မထားတဲ့ ကျောင်းသူကျောင်းသားအချို့ကို တွေ့နိုင်ပါတယ်၊ တစ်ချို့က ၁၅ မိနစ်လောက် စွပ်ထားပြီး ချွတ်လိုက်ကြတယ်၊ တစ်ချို့ကလည်း မိနစ် ၂၀ လောက်ပေါ့၊ ကျွန်တော်တို့ကလည်း တစ်နာရီလောက် ကတ်ထူပုံးတွေစွပ်ထားပြီးတော့ ချွတ်ပစ်လိုက်ဖို့ ပြောခဲ့ပါတယ်" လို့ ၎င်းကဆိုပါတယ်။

ကျောင်းသူကျောင်သားတွေ ကတ်ထူပုံး ခေါင်းမှာစွပ်ပြီး စာမေးပွဲဖြေနေကြတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက အဆိုပါကျောင်းကို အလျင်အမြန် သွားရောက်ခဲ့ကြကြောင်း သိရပါတယ်။ ဒေသဆိုင်ရာ pre-University Education Board ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး SC Peerjade က ယခုလုပ်ရပ်ဟာ လူမဆန်ကြောင်း ပြောဆိုခဲ့ပါတယ်။

"ကျွန်တော် ဒီကိစ္စကို သိသိချင်းမှာပဲ အဲဒီကျောင်းကိုသွားခဲ့ပြီး ဒီလိုလုပ်နေတာရပ်ဖို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဒီကိစ္စအတွက် သတိပေးစာထုတ်ခဲ့ပါတယ်၊ ပြီတော့ ဒီလို စိတ်ကူးမျိုးကို အကောင်အထည်ဖော်ခဲ့တာအတွက် သူတို့ကို စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူဖို့လည်း စဉ်းစားနေပါတယ်" လို့ ၎င်းကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က