တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်ကို ဇူလိုင် ၂၈ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသတွေကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဦးတည်တိုက်ခတ်နေကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၂၇ ရက်) သတိပေးခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဂျောင်ဒါရီ (Jongdari) ဟာ လက်ရှိမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၄ မိုင်ဖြင့် တိုက်ခတ်နေကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။

ဂျပန်အနောက်ပိုင်းမှာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့စဉ် (Photo: AFP)



ဒေသခံ မီဒီယာတွေမှာ ဖော်ပြမှုအရ အဆိုပါ တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်ကျွန်းမကြီးကို ဇူလိုင် ၂၈ ရက် (စနေနေ့) ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ သိရပါတယ်။တိုင်ဖွန်းဂျောင်ဒါရီ တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမြေပြိုမှု၊ လေပြင်းတိုက်ခတ်မှုနဲ့ ပင်လယ်ရေလှိုင်းများ မြင့်တက်မှုတို့ ဖြစ်ပေါ်နိုင်ပြီး ကြိုတင်ရွှေ့ပြောင်းရေး ပြင်ဆင်ထားကြရန် အာဏာပိုင်တွေက သတိပေးတိုက်တွန်းထားပါတယ်။

Map: Weather Underground

ယမန်နေ့ (ဇူလိုင် ၂၆ ရက်) တိုင်းထွာချက်အရ တိုင်ဖွန်းဂျောင်ဒါရီဟာ တိုကျိုအနောက်တောင်ဘက် ၇၄၆ မိုင်ခန့်အကွာမှာ တိုက်ခတ်နေပြီး Chichijima ကျွန်းကို ဦးတည်နေကြောင်း သိရပါတယ်။ သို့သော် မုန်တိုင်းဟာ ဇူလိုင် ၂၈ ရက် နှောင်းပိုင်းအချိန်မှာ ဂျပန်အနောက်ပိုင်း Chugoku ဒေသကို ဦးတည်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။အဆိုပါ ဒေသဟာ ယခုလအစောပိုင်းမှာလည်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ကြုံခဲ့ရပြီး လူ ၂၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ရာသီဥတုနဲ့ဆက်နွယ်နေတဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်လည်း ဖြစ်ခဲ့ပါတယ်။

ဂျပန်အနောက်ပိုင်းမှာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့စဉ် (Photo: CGTN)

လက်ရှိအချိန်ထိ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာများမှ ဒေသခံတွေဟာ ယာယီခိုလှုံရေးစခန်း သို့မဟုတ် ပျက်စီးနေတဲ့ နေအိမ်များမှာ နေထိုင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ယခုလအစောပိုင်း ရေကြီးမှုများအတွင်း ဒေသခံအများအပြားဟာ ကြိုတင်သတိပေးမှုအတိုင်း နေအိမ်များမှ ရွှေ့ပြောင်းခြင်းမပြုခဲ့ကြရာ ရေများတက်လာချိန်မှာ ပိတ်မိသောင်တင်ခဲ့ကြကြောင်းနဲ့ ဒေသခံတွေအနေနဲ့ တာဝန်ရှိသူတွေရဲ့ ရွှေ့ပြောင်းရန်သတိပေးမှုတွေကို အလေးအနက် လိုက်နာကြရန် ဂျပန်အစိုးရက ယမန်နေ့ (ဇူလိုင် ၂၆ ရက်) မှာ တိုက်တွန်းခဲ့ပါတယ်။

ရေကြီးမှုအတွင်း နေအိမ်ခေါင်မိုးပေါ်မှာ သောင်တင်ခဲ့ကြသူအချို့ (Photo: Reuters)

ဂျပန်နိုင်ငံမှာ လက်ရှိအချိန်ဟာ တိုင်ဖွန်းမုန်တိုင်းရာသီဖြစ်ပြီး နှစ်စဉ် အားကောင်းတဲ့ မုန်တိုင်းကြီးများ တိုက်ခတ်မှုကို နွေရာသီနဲ့ ဆောင်းဦးရာသီတို့မှာ ကြုံတွေ့ရလေ့ရှိပါတယ်။ ဂျပန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မကြုံစဖူး အပူလှိုင်းကျရောက်မှုကြောင့် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပြီး လူ ၈၀ ထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က