စာသင်ကျောင်း ပစ်ခတ်မှုတွေကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဥပဒေပြုလွှတ်တော်က ကျောင်းဆရာ ဆရာမတွေ စာသင်းခန်းအတွင်း သေနတ်ယူဆောင်လာခွင့်ရှိတဲ့ ဥပေဒမူကြမ်းတစ်ရပ်ကို မေ ၁ ရက်နေ့မှာ အတည်ပြုလိုက်ပြီလို့ ဆိုပါတယ်။

(၁၄၈ ကြိမ်မြောက် NRA Annual Meetings & Exhibits မြင်ကွင်း) (Photo: Getty Images/AFP)

Parkland မြို့ အထက်တန်းကျောင်းမှာ လူ ၁၇ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အလားတူ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး ယခု ဥပဒေမူကြမ်းကို အတည်ပြလိုက်တာလည်း ဖြစ်ပါတယ်။



ဖလော်ရီဒါပြည်နယ် အောက်လွှတ်တော် (House of Representatives) မှာ ဥပဒေမူကြမ်းကို နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် အတည်ပြုနိုင်ခဲ့ပါတယ်။ ဖလော်ရီဒါ အထက်လွှတ်တော် (Senate) ကတော့ အဆိုပါ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၁၇ မဲဖြင့် အတည်ပြုထားခဲ့ပြီးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


(ဆရာ ဆရာမများကို သေနတ်ကိုင်တွယ်ပစ်ခတ်နည်း သင်တန်းပေးစဉ်) (Photo: Reuters)

လွှတ်တော်နှစ်ရပ်မှာ ဥပဒေမူကြမ်းကို အတည်ပြုပြီးနောက် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် စတင်သက်ရောက်စေမယ်လို့ ဆိုပါတယ်။ ထိုဥပဒေအရ ၁၄၄ နာရီ သေနတ်ကိုင်ဆောင် ပစ်ခတ်မှုသင်တန်း ပြီးမြောက်ခဲ့တဲ့ ကျောင်းဆရာ ဆရာမတွေကို စာသင်ခန်းအတွင်း လက်နက်ကိုင်ဆောင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ကျောင်းသားဟောင်းတစ်ဦးက ဆီမီးအော်တိုမတ်တစ် ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၁၇ ဦး သေဆုံးပြီး အခြား ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

(ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်) (Photo: Getty Images)

အဆိုပါ စာသင်ကျောင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ National Rifle Association တို့က စာသင်ကျောင်းတွေမှာ အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုတွေကို လက်နက်ကိုင်ဆောင်ထားတဲ့ ကျောင်းဆရာ ဆရာမတစ်ဦးက အကောင်းဆုံး ကာကွယ်နိုင်တယ်လို့ ထောက်ခံပြောဆိုခဲ့ကြပါတယ်။

အတိုက်အခံတွေကတော့ ကျောင်းဆရာ ဆရာမတစ်ဦးက သေနတ်ကိုင်ဆောင်ထားခြင်းဖြင့် ပြဿနာတစ်ခုခု ဖြစ်ပွားလာပါက မှားယွင်းပစ်ခတ်နိုင်မှု သို့မဟုတ် ရဲတပ်ဖွဲ့က အဆိုပါ သေနတ်ကိုင် ဆရာ ဆရာမကို ရန်ပြုတိုက်ခိုက်သူလို့ အထင်မှားစေနိုင်ကြောင်း ထောက်ပြခဲ့ကြပါတယ်။

(Parkland စာသင်ကျောင်းပစ်ခတ်မှုကျူးလွန်ခဲ့သူ နီကိုလက်စ်ခရုဇ်) (Photo: Getty Images)

ယခု ဥပဒေမူကြမ်းကို အတည်ပြုနိုင်ကြောင်း ကြိုတင်မျှော်မှန်းထားမှုအရ ဖလော်ရီဒါပြည်နယ်ရှိ ကောင်တီ ၆၇ ခုအနက် ကောင်တီ ၄၀ ရှိ စာသင်ကျောင်းဝန်ထမ်းတွေဟာ ၁၄၄ နာရီ သေနတ်လေ့ကျင့်မှု သင်တန်းအတွက် စာရင်းပေးထားပြီး သို့မဟုတ် စာရင်းပေးရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က