အသက်ရှူရခက်ခဲမှုနဲ့ အော့အန်မှုတွေ ဖြစ်ခဲ့ကြပါတယ်။

မလေးရှားနိုင်ငံ မြို့တစ်မြို့မှာ လေထုညစ်ညမ်းမှုကြောင့် ကျောင်းသူကျောင်းသားများ နေမကောင်းဖြစ်ခဲ့ပြီးနောက် စာသင်ကျောင်းတွေကို ယာယီပိတ်ထားလိုက်ကြောင်း သိရပါတယ်။

(Photo: Bernama)

စက်မှုဇုန်တွေရှိတဲ့ Pasir Gudang မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသား ၁၅ ဦးဟာ ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) နေ့က အဆိပ်သင့်ဓာတ်ငွေ့ဖြစ်ဖွယ်ရှိတဲ့ အနံ့အသက်တွေကြောင့် အသက်ရှူရခက်ခဲမှုနဲ့ အော့အန်မှုတွေ ဖြစ်ခဲ့ကြပါတယ်။



ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် လေထုညစ်ညမ်းမှုကို စိုးရိမ်မှုတွေကြောင့် Pasir Gudang မြို့ရှိ စာသင်ကျောင်း ၃ ကျောင်းကို ယာယီပိတ်ထားရန် အာဏာပိုင်တွေက အစောပိုင်းမှာ ညွန်ကြားထားခဲ့ပါတယ်။ သို့သော် ယမန်နေ့ (ဇွန် ၂၃ ရက်) မနက်ပိုင်းမှာ အလားတူ အသက်ရှူရခက်ခဲမှုနဲ့ အော့အန်မှုတို့ ထပ်မံဖြစ်ပွားကြောင်း သိရှိရပြီးနောက် Pasir Gudang ဧရိယာအတွင်းရှိ နောက်ထပ် စာသင်ကျောင်း ၁၄ ကျောင်းကို ယာယီပိတ်ထားရန် ဆက်လက် ညွန်ကြားခဲ့ကြောင်း သိရပါတယ်။

(Photo: Bernama)

အဆိုပါမြို့ ဧရိယာအတွင်းရှိ စာသင်ကျောင်း စုစုပေါင်း ၁၇ ကျောင်းကို ယနေ့ (ဇွန် ၂၄ ရက်) မှစပြီ လေးရက်ကြာ ပိတ်ထားမယ်လို့ဆိုပါတယ်။ ပိတ်ထားရန်ညွန်ကြားခဲ့တဲ့ စာသင်ကျောင်းအားလုံးဟာ ကျောင်းသူကျောင်းသား ၁၅ ဦး အသက်ရှူရခက်မှုနဲ့ အော့အန်မှုတွေဖြစ်ခဲ့ကြတဲ့ Sekolah Agama Taman Mawar စာသင်ကျောင်းရဲ့ ၃.၇ မိုင်ပတ်လည် ဧရိယာအတွင်းရှိကြတယ်လို့ ဆိုပါတယ်။

ဂျိုဟာပြည်နယ် ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ်ကော်မတီ ဥက္ကဋ္ဌ Mohd Khuzzan Abu Bakar ရဲ့ ပြောကြားမှုအရ ပိတ်ပင်ထားမယ့် စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသားဦးရေ ၂၀,၁၀၈ ဦး တက်ရောက်နေကြကြောင်းနဲ့ လေထုညစ်ညမ်းမှု နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်မှုအဖြစ် ကျောင်းတွေကို ယာယီပိတ်စေခဲ့ကြောင်း သိရပါတယ်။

(Photo: Bernama)

တနင်္ဂနွေနေ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး "မွန်းလွဲ ၃ နာရီခွဲအထိ အသက်ရှူရခက်တာနဲ့ အော့အန်မှုဖြစ်တဲ့ လူနာ ၁၃ ယောက်ကို Sultan Ismail ဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီး သူတို့အခြေအနေ တည်ငြိမ်နေပါတယ်၊ ၄၉ ယောက်ကိုတော့ Pasir Gudang မြူနီစပယ်ကောင်စီ မိုးလုံလေလုံ အားကစားရုံထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီဆေးခန်းနဲ့ Pasir Gudang ဆေးရုံမှာ ကုသပေးနေပါတယ်" လို့ Mohd Khuzzan က ပြောပါတယ်။

(Photo: Bernama)

ယခု ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အကြောင်းရင်းကို သိရှိနိုင်ရန် မလေးရှား ပတ်ဝန်းကျင်ဆိုင်ရာဌာနဲ့ အခြား ဌာနများ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာကြုံခဲ့ရသူတွေရဲ့ သွေးနမူနာကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာမှာတော့ ပုံမှန်အတိုင်းပင်ဖြစ်ပြီး အဆိပ်သင့်လက္ခဏာများ မတွေ့ရကြောင်း သိရပါတယ်။

ဇွန်လ ၂၀ ရက်နဲ့ ၂၃ ရက်တို့မှာ အသက်ရှူရခက်မှုနဲ့ အော့အန်မှုတို့ဖြစ်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ ၎င်းတို့စာသင်ကျောင်းရဲ့ တတိယထပ်နဲ့ စတုတ္တထပ်မှာရှိနေခဲ့ကြစဉ် ထိုသို့ ဖြစ်ခဲ့ကြတယ်လို့လည်း Bernama သတင်းကဆိုပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ လေထုညစ်ညမ်းမှုအန္တရာယ်ကြောင့် Pasir Gudang မြိို့ရှိ စာသင်ကျောင်းအားလုံးကို ဇွန်လ ၂၅ ရက်မှစပြီး သုံးရက်ကြာပိတ်ထားရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က