လေထုညစ်ညမ်းမှုအဆင့် အဆိပ်သင့်အခြေအနေ ကြုံနေခဲ့ရမှုကြောင့် ဖြစ်ပါတယ်။

အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့ခံတွေက ၎င်းတို့မြို့မှာ လေထုညစ်ညမ်းမှုအဆင့် အဆိပ်သင့်အခြေအနေ ပုံမှန်ကြုံနေခဲ့ရမှုအတွက် အစိုးရကို ကြာသပတေးနေ့ (ဇူလိုင် ၄ ရက်) က တရားစွဲဆိုလိုက်ပါတယ်။

(Photo: AFP)

ဂျကာတာမြို့မှာ ပြီးခဲ့တဲ့လ ရက်အများအပြားက အန္တရာယ်ရှိတဲ့ ဖုန်မှုန်အခိုးအငွေ့များဖြင့် လေထုညစ်ညမ်းနေခဲ့ပါတယ်။ ထိုစဉ်က ဂျကာတာမြို့ရဲ့ လေထုအရည်အသွေး အညွန်းကိန်းဟာ အန္တရာယ်တဲ့အဆင့် PM2.5 ဖြစ်နေခဲ့ပါတယ်။



လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေခြင်းကို စိတ်ပျက်နေတဲ့ ဂျကာတာမြို့ခံ ၃၁ ဦးက အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၊ ပတ်ဝန်းကျင်နဲ့သစ်တောဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဂျကာတာမြို့တော်ဝန်တို့ကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူများ၊ ရုံးဝန်ထမ်းများနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေ ပါဝင်တဲ့ တရားလိုအုပ်စုက လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး လူအများ ပိုမိုသိရှိလာစေရန်နဲ့ အစိုးရကို လေထုညစ်ညမ်းမှုအား ကိုင်တွယ်ဖြေရှင်းရေး ဖိအားပေးလိုကြတယ်လို့ ဆိုပါတယ်။

(Photo: AFP)

"ပြည်သူတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေကိုရှူဖို့ အခွင့်အရေးကို အစိုးရက လစ်လျူရှုထားခဲ့တယ်၊ ဂျကာတာ နေကြတဲ့ လူ ၁၀ သန်းအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေထုအရည်အသွေးဖြစ်နေအောင် သူတို့ ထိန်းသိမ်းလုပ်ဆောင်မှု မရှိခဲ့ကြဘူး" လို့ တရားစွဲဆိုခဲ့ပြီးနောက် ရှေ့နေဖြစ်သူ Nelson Nikodemus Simamora က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေခဲ့တာကြောင့် ဂျကာတာမြို့ခံတွေဟာ မျက်နှာဖုံးများ မဖြစ်မနေ တပ်ဆင်သွားလာခဲ့ရပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပါတယ်။ လေထုအရည်အသွေး (air quality index - AQI) စောင့်ကြည့်စနစ် Air Visual ရဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ဂျကာတာမြို့ဟာ လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့တွေဖြစ်တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တို့ထက်ပင် ပိုမိုးဆိုးရွားခဲ့တယ်လို့ သိရပါတယ်။

(Photo: @dhitavarra/Twitter)

ဂျကာတာမြို့မှာ လေထုညစ်ညမ်းမှုဟာ မော်တော်ယာဉ်တွေက ထုတ်လွှတ်တဲ့ မီးခိုးများ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကြောင့် ဖြစ်တယ်လို့ သဘာပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက အပြစ်တင်ပြောကြားခဲ့ကြပါတယ်။ Greenpeace Indonesia အဖွဲ့အစည်းက ပြီးခဲ့တဲ့လအတွင်း ဂျကာတာမြို့ခံတွေကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများမှ ကာကွယ်နိုင်ရန်အတွက် မျက်နှာဖုံးတွေ တပ်ဆင်သွားလာကြရန် တိုက်တွန်းခဲ့ပါတယ်။

"ကျန်းမာရေးနဲ့မညီတဲ့ နေ့ရက်တွေက ၂၀၁၈ ခုနှစ်မှာ ၂၀၁၇ ခုနှစ်ကထက် နှစ်ဆအထိ ပိုများလာခဲ့တယ်၊ အစိုးရအနေနဲ့ လေထုညစ်ညမ်းမှုကိစ္စကို သိရှိလက်ခံသင့်တယ်၊ သူတို့က ခေတ်နဲ့အညီ မဟုတ်တော့တဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက စည်းမျဉ်းတွေကို သုံးနေကြဆဲပဲ" လို့ Greenpeace Indonesia အဖွဲ့ရဲ့ ရာသီဥတုနဲ့စွမ်းအင်ဆိုင်ရာ စည်းရုံးလှုံ့ဆော်သူ Bondan Andriyanu က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: The Jakarta Post)

ပြီးခဲ့တဲ့လအတွင်း ဂျကာတာမြို့မှာ လေထုညစ်ညမ်းပြီး မြင်ကွင်းမှုန်ဝါးနေတဲ့ ဓာတ်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာမှာ လွှင့်တင်ကာ ဝေဖန်မှုတွေ များစွာရှိခဲ့ပါတယ်။ "ကလေးနှစ်ယောက်ရဲ့ အမေတစ်ယောက်အနေနဲ့ လေထုညစ်ညမ်းမှုကိစ္စကို ကျွန်မ စိုးရိမ်ပါတယ်၊ အစိုးရက ဒီပြဿနာရဲ့ အကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်၊ ကျွန်မတို့ ဘယ်လောက်ကြာအောင် ဒီပြဿနာ ဆက်ဖြစ်နေစေမှာလဲ" လို့ ရုံးဝန်ထမ်းအမျိုးသမီး Dita Nadine က AFP ကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က