သားအမိနှစ်ဦးက အစိုးရထံမှ နစ်နာကြေး ဒေါ်လာတစ်သိန်းရှစ်သောင်းနီးပါး ရလိုကြောင်းဖြင့် တရားစွဲခဲ့ပါတယ်။

ပြင်သစ်မှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်ရမှုအတွက် နစ်နာကြေးပေးရန် မိခင်နဲ့သမီးတို့က အေစိုးရကို တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

သားအမိနှစ်ဦးက အစိုးရကို တရားစွဲထားတဲ့အမှု ကြားနာစစ်ဆေးမှုကို မေ ၂၈ ရက်မှာ စတင်ခဲ့တယ်လို့ဆိုပါတယ်။ သားအမိနှစ်ဦးက အစိုးရထံမှ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၇၉,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂,၇၀၀ ကျော်) ရလိုကြောင်း ပါရီမြို့အရှေ့ဘက် Montreuil ဒေသဆိုင်ရာ တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။



၎င်းတို့က တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုခဲ့ရာမှာ အစိုးရအနေနဲ့ လေထုညစ်ညမ်းမှုကို ဖြေရှင်းရန်အတွက် ထိရောက်တဲ့ စီမံလုပ်ဆောင်မှုတွေ မရှိခဲ့ကြောင်း၊ အထူးသဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာအတွင်း ပါရီမြို့မှာ လေထုညစ်ညမ်းမှု အခြေအနေ အဆိုးရွားဆုံးဖြစ်ခဲ့ရာမှာ ထိရောက်စွာ လုပ်ဆောင်မှုတွေမရှိခဲ့ဘူးလို့ ပြောထားပါတယ်။

(Photo: AFP)

ထိုစဉ်က ၎င်းတို့သားအမိဟာ ပါရီမြောက်ပိုင်း ဆင်ခြေဖုံး Saint-Ouen ရှိ Peripherique လမ်းမကြီးအနီးမှာ နေထိုင်ခဲ့ကြရာ ကျန်းမာရေးကို သက်ရောက်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Peripherique လမ်းမပေါ်မှာ တစ်ရက်လျှင် ယာဉ်အစီးရေ ၁. ၁ သန်း ဖြတ်သန်းမောင်းနှင်နေကြပြီး ထိုလမ်းမ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူဦးရေ ၁၀၀,၀၀၀ ဟာ လေထုညစ်ညမ်းမှုတွေ ကြုံကြရပါတယ်။

လေထုညစ်ညမ်းမှု အဆိုးဆုံးဖြစ်ခဲ့စဉ်က သားအမိနှစ်ဦးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားခဲ့ကြရတယ်လို့ ပြောပါတယ်။ အသက် ၅၂ နှစ်အရွယ် မိခင်ဖြစ်သူက အလုပ်မလုပ်နိုင်ဘဲ အနားယူခဲ့ရကြောင်းနဲ့ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူဟာလည်း ပန်းနာရင်ကြပ်ရောဂါ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: Yoan Valat/EPA)

ထိုသို့ဖြစ်ခဲ့ပြီးနောက်ပိုင်း ဆရာဝန်တွေရဲ့ အကြံပြုချက်အရ သားအမိနှစ်ဦးဟာ Orleans မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၎င်းတို့ရဲ့ ကျန်းမာရေး သိသာစွာ တိုးတက်ကောင်းမွန်လာခဲ့ကြောင်း ရှေ့နေဖြစ်သူ Francois Lafforgue က ပြောပါတယ်။ ပြင်သစ်အစိုးရက လေထုညစ်ညမ်းမှုကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရန်အတွက် စည်မျဉ်းစည်းကမ်းတွေ ချမှတ်ခဲ့ခြင်းမရှိကြောင်းနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလည်း မလုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့သားအမိရဲ့ ဥပဒေဆိုင်ရာအဖွဲ့က ထောက်ပြခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံတစ်ဝှမ်း စုစုပေါင်း လူဦးရေ ၅၀ ခန့်က ပြင်သစ်အစိုးရကို အလားတူ တရားစွဲဆိုထားကြောင်း NGO Respire အဖွဲ့အစည်းတည်ထောင်သူ Sebastien Vray က ပြောခဲ့ပါတယ်။ အဆိုပါ အဖွဲ့အစည်းက လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး အစိုးရကို တရားစွဲဆိုတဲ့ အမှုကိစ္စတွေမှာ ကူညီပေးနေပါတယ်။

(Photo: AFP)

ပြင်သစ်မှာ နှစ်စဉ် အရွယ်မတိုင်မီ သေဆုံးမှု ၄၈,၀၀၀ ဟာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်နေတယ်လို့ Public Health France ရဲ့ အချက်အလက် မှတ်တမ်းတွေအရ သိရှိရကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ပြင်သစ်မှာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး လေထုညစ်ညမ်းမှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ကြုံခဲ့ကြရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က