မဲလ်ဘုန်းကိုသွားတဲ့ ခရီးသည်တစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စင်ကာပူလေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ်တစ်ခုကို စီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည်တစ်ဦးက လေယာဉ်ပေါ်မှ ၎င်းရဲ့ အစားအစာထဲမှာ လူသွားတစ်ချောင်း တွေ့ခဲ့ရတယ်လို့ ပြောဆိုမှုထွက်ပေါ်လာပြီးနောက် ထိုကိစ္စကို စုံစမ်းစစ်ဆေးနေကြာင်း လေကြောင်းလိုင်းက ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

(Photo: Bradley Button)

"ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ဝယ်လင်တန်ကနေ မဲလ်ဘုန်းခရီးစဉ်ကို ပျံသန်းတဲ့ SQ248 လေယာဉ်မှာလိုက်ပါတဲ့ ခရီးသည်တစ်ယောက်က လေကြောင်းလိုင်းက စီစဉ်ပေးတဲ့ အစားအစာထဲမှာ ပါဝင်ရမှာမဟုတ်တဲ့ အရာတစ်ခု တွေ့ခဲ့ရတဲ့ဖြစ်ရပ်ကို ကျွန်တော်တို့ သိထားပါတယ်" လို့ လေကြောင်းလိုင်း (Singapore Airlines - SIA) ပြောခွင့်ရပုဂ္ဂိုလ်က Channel NewsAsia သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။



ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က မဲလ်ဘုန်းကိုသွားတဲ့ လေယာဉ်စီးခရီးသည် အမျိုးသားတစ်ဦးက စင်ကာပူလေကြောင်းလိုင်း လေယာဉ်ပေါ်မှ အစားအစာထဲမှာ လူသွားဖြစ်ပုံရတဲ့ အရာတစ်ခုကို တွေ့ခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် မေးမြန်းမှုကို လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Singapore Airlines)

Bradely Button အမည်ရှိ အမျိုးသားက လေယာဉ်ပေါ်မှာ ထမင်းစားနေစဉ် သွားတစ်ချောင်းကို ဝါးမိခဲ့တယ်လို့ သြစတြေးလျ မီဒီယာကို ပြောခဲ့ပါတယ်။ "လေယာဉ်မယ်က ကျွန်တော့်ဆီကိုရောက်လာပြီးတော့ အဲဒီအရာကို စစ်ဆေးကြည့်ဖို့လိုတယ်လို့ ပြောခဲ့တယ်၊ ပြီးတော့ အဲဒါက ကျောက်ခဲအပိုင်းအစလေး ဖြစ်တယ်လို့လည်း သူက ပြောဖို့ကြိုးစားနေခဲ့တယ်" လို့ အဆိုပါ အမျိုးသားရဲ့ပြောကြားမှုကို SBS News က ဖော်ပြခဲ့ပါတယ်။

Channel NewsAsia က Bradley Button ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ၎င်းအနေနဲ့ ယခုဖြစ်ရပ်ကို လေကြောင်းလိုင်းထံ တိုင်ကြားထားတယ်လို့ ပြောခဲ့ပါတယ်။ "ကျွန်တော် လေကြောင်းလိုင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် တိုင်ကြားထားပါတယ်၊ ကျွန်တော် နောက်ထပ် မှတ်ချက်မပေးချင်ပါဘူး၊ ဒီလို တိုင်ကြားတာကလည်း အခုလို အခြေအနေမျိုးကို သူတို့ ဖြေရှင်းဖို့အတွက် အထောက်အကူဖြစ်အောင်လို့ပါ" လို့ ၎င်းကဆိုပါတယ်။

(Photo: abc.net.au)

SIA ကတော့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး အစားအစာထဲမှာ ပါဝင်နေခဲ့တဲ့အရာကို မည်သည့်အရာဖြစ်ကြောင်း စစ်ဆေးခိုင်းထားတယ်လို့ ပြောခဲ့ပါတယ်။ "အစားအစာထဲမှာပါတဲ့ အရာက ဘာလဲဆိုတာ သိရပြီးရင် အသင့်လျော်ဆုံး အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်သွားမှာပါ" လို့ SIA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

SIA အနေနဲ့ ခရီးသည်ဖြစ်တဲ့ Bradley Button ကိုလည်း အဆင်မပြေမှု ကြုံခဲ့ရမှုအတွက် တောင်းပန်းခဲ့ကြောင်း သိရပါတယ်။ "ကျွန်တော်တို့ရဲ့ အစားအစာ အားလုံးကို ကောင်းမွန်စေဖို့ မျှော်လင့်တာပါ၊ အခုလိုဖြစ်ရတဲ့အတွက် ကျွန်တော်တို့ စိတ်ပျက်မိပါတယ်" လို့ လေကြောင်းလိုင်းပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က