ကင်မ်ဂျုံအန်နဲ့ ညီအစ်ကိုတော်စပ်သူ ကင်မ်ဂျုံနမ်ရဲ့သားကို ကာကွယ်စောင့်ရှောက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မြောက်ကိုရီယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ညီအစ်ကိုတော်စပ်သူ ကင်မ်ဂျုံနမ်ရဲ့သားကို ကာကွယ်စောင့်ရှောက်ထားတဲ့ အဖွဲ့အစည်းက ပြည်ပြေးအစိုးရအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။

(ကင်မ်ဂျုံနမ်ရဲ့သား ကင်မ်ဟန်ဆိုလ်) (Photo: CCD)

Cheollima Civil Defence (CCD) အမည်ရှိ အဖွဲ့အစည်းက မြောက်ကိုရီးယားမှ ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံသူတွေကို အကူအညီပေးနေပါတယ်။ ထိုအဖွဲ့ဟာ ၂၀၁၇ ခုနှစ်က ကင်မ်ဂျုံနမ်ရဲ့သားဖြစ်သူ ကင်မ်ဟန်ဆိုလ်ရဲ့ အွန်လိုင်းဗီဒီယိုနဲ့အတူ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။



အဆိုပါ ဗီဒီယိုထဲမှာ ကင်မ်ဟန်ဆိုလ်က ၎င်းရဲ့ဖခင်ဖြစ်သူ မလေရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ဓာတုအဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် CCD က ၎င်းရဲ့ လုံခြုံရေးကို တာဝန်ယူထားကြောင်း ပြောခဲ့ပါတယ်။

(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: stuff.co.nz)

CCD အဖွဲ့က မြောက်ကိုရီးယားနိုင်ငံအတွက် 'ဂျိုဆန်လွတ်မြောက်ရေး' (Free Joseon) ခေါ် ယာယီအစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ကိုရီးယားနဲ့ အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။ CCD အဖွဲ့အစည်းက ပြည်ပြေးအစိုးရဖွဲ့စည်းကြောင်းကို ဂျပန်ကိုလိုနီအုပ်ချုပ်မှုကို ဆန့်ကျင်တွန်းလှန်တဲ့ ကိုရီးယားလှုပ်ရှားမှု နှစ် ၁၀၀ ပြည့်မြောက်ခဲ့တဲ့ မတ်လ ၁ ရက်မှာ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဂျိုဆန် (Joseon) ဟာ ကိုရီးယားရဲ့ အမည်ဟောင်းလည်း ဖြစ်ပါတယ်။

(CCD ရဲ့ ဗီဒီယိုမှာတွေ့ရသည့် မြင်ကွင်း) (Photo: CCD)

ပြည်ပြေးအစိုးရဖွဲ့စည်းကြောင်း ကြေညာချက်ကို ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ဖတ်ပြနေတဲ့ အွန်လိုင်းဗီဒီယိုတစ်ခုကိုလည်း CCD က လွှင့်တင်ထား တွေ့ရပါတယ်။ CCD အဖွဲ့က ၎င်းတို့ဟာ မကောင်းဆိုးဝါကြီးကို ဖျက်ဆီးပစ်မယ့်အဖွဲ့အဖြစ် ကိုယ်တိုင် သတ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။

၎င်းတို့အဖွဲ့က မြောက်ကိုရီးယားပြည်သူတွေရဲ့ တရားဝင် ကိုယ်စားပြုဖြစ်လာစေမယ်လို့ ပြောထားပြီး ဂျိုဆန် လွတ်လပ်ရေးအတွက်ကိုလည်း ကြွေးကြော်ထားပါတယ်။ CCD အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် သိရှိရမှုအနည်းငယ်သာရှိကြောင်းနဲ့ ထိုအဖွဲ့အစည်းရဲ့ နောက်ကွယ်မှာ မည်သူရှိနေကြောင်း အတိအကျ မသိရပါဘူး။

(ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရသည့် ကင်မ်ဂျုံနမ်) (Photo: Reuters)

CCD အဖွဲ့ဟာ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနနဲ့ အဆက်အသွယ်များရှိကြောင်း အချို့က ခန့်မှန်းထားကြပါတယ်။ မြောက်ကိုရီးယားမှ ထွက်ပြေးလာသူတွေထံမှ ကာကွယ်ပေးရန် အရေးတကြီး တောင်းခံမှုတွေရှိခဲ့ကြောင်းနဲ့ နယ်သာလန်၊ တရုတ်နဲ့ အမေရိကန်တို့ကို ၎င်းတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း CCD က ပြောခဲ့ဖူးတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က