မလေးရှားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ဖအေတူ မအေကွဲ ညီအစ်ကိုတော်စပ်ပြီး ၂၀၁၇ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ကင်မ်ဂျုံနမ်ဟာ အမေရိကန်စီအိုင်အေ သတင်းပေးတစ်ဦးဖြစ်တယ်လို့ Wall Street Journal (WSJ) က တနင်္လလာနေ့ (ဇွန် ၁၀ ရက်) မှာ ဖော်ပြပါတယ်။

(ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံရသည့် ကင်မ်ဂျုံနမ်) (Photo: NBC News)

WSJ က အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး သိရှိထားသူ အမည်မဖော်တဲ့ပုဂ္ဂိုလ်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံနမ်နဲ့ စီအိုင်အေ (Central Intelligence Agency - CIA) တို့ကြား ဆက်ဆံမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက် အများအပြားကို အတိအကျ မသိရသေးကြောင်းလည်း WSJ သတင်းကပြောပါတယ်။



ယခု ထွက်ပေါ်လာတဲ့ သတင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန် စီအိုင်အေကတော့ ကင်ဂျုံနမ်သတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ WSJ က ကိုးကားခဲ့သူရဲ့ အဆိုအရ ကင်မ်ဂျုံနမ်နဲ့ စီအိုအေကြား ဆက်စပ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

(ကင်မ်ဂျုုံနမ်နှင့် ကင်မ်ဂျုံအန်) (Photo: AFP/Getty Images)

'မြောက်ကိုရီးယားပြင်ပမှာ နှစ်အတော်ကြာ နေထိုင်ခဲ့တဲ့ ကင်မ်ဂျုံနမ်ဟာ ပြုံးယမ်းမှာ လူသိရှင်ကြား သြဇာအာဏာရှိသူမဟုတ်ဘဲ သိုသိပ်လျှို့ဝှက်တတ်တဲ့ အစိုးရရဲ့ အတွင်းပိုင်း လုပ်ငန်းကိစ္စအသေးစိတ်တွေကို ပြောနိုင်ဖွယ်မရှိဘူးလို့ အမေရိကန်အစိုးရ အရာရှိဟောင်းအချို့က သုံးသပ်ကြကြောင်း' WSJ က ဖော်ပြပါတယ်။

ကင်မ်ဂျုံနမ်ဟာ အဓိကအားဖြင့် တရုတ်နိုင်ငံရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အပါအဝင် အခြားနိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေနဲ့လည်း အဆက်အသွယ်ရှိခဲ့ကြောင်း သေချာသလောက်ဖြစ်တယ်လို့လည်း အဆိုပါ အရာရှိဟောင်းတွေက ဆိုပါတယ်။ ကင်မ်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်ရန် မြောက်ကိုရီးယားအာဏာပိုင်တွေက ညွန်ကြားခဲ့ကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရတွေက ပြောထားခဲ့ပါတယ်။

(မလေးရှားက ပြန်လွှတ်ပေးလိုက်သည့် အင်ဒိုနီးရှားသူ Siti Aisyah) (Photo: AFP)

ကင်မ်ဂျုံနမ်ဟာ ၎င်းရဲ့မိသားစုက မြောက်ကိုရီးယားမှာ သားစဉ်မြေးဆက် အုပ်ချုပ်မှုကို ဝေဖန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်ကြောင်း စွပ်စွဲပြောဆိုမှုတွေကို မြောက်ကိုရီးယားအစိုးရက ငြင်းဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ကင်မ်ဂျုံနမ်ရဲ့မျက်နှာကို VX ဓာတုအဆိပ်ပါရှိတဲ့ အဝတ်ဖြင့်အုပ်ခဲ့သူ အမျိုးသမီးနှစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခဲ့ပါတယ်။ မလေးရှားအစိုးရက အင်ဒိုနီးရှားအမျိုးသမီး Siti Aisyah နဲ့ ဗီယက်နမ်အမျိုးသမီး DoanThi Huong တို့ကို ဖမ်းဆီးစွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

(မလေးရှားက ပြန်လွှတ်ပေးလိုက်သည့် ဗီယက်နမ်သူ DoanThi Huong) (Photo: AFP)

၎င်းတို့နှစ်ဦးကတော့ နောက်ပြောင်ကျီစယ်တဲ့ တီဗီအစီအစဉ်တစ်ခုမှာ ပါဝင်ရန်အတွက် ငှားရမ်းခဲ့တာကြောင့် ကင်မ်ဂျုံနမ်ရဲ့မျက်နှာကို အဝတ်ဖြင့်အုပ်ခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။ မလေးရှားအစိုးရက ယခုနှစ် မတ်လနဲ့ မေလအတွင်းမှာ အဆိုပါ အမျိုးသမီးနှစ်ဦးကို အသီးသီး ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

WSJ မှာ ဖော်ပြထားမှုအရ ကင်မ်ဂျုံနမ်ဟာ လုပ်ကြံခံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ မလေးရှားခရီးစဉ်အတွင်း ၎င်းရဲ့ စီအိုင်အေ အဆက်အသွယ်ကို တွေ့ဆုံရန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က