Ko John

မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ လက်နက်အစီအစဉ်တွေအတွက် ဆိုက်ဘာတိုက်ခိုက်မှုများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ခိုးယူခဲ့ကြောင်း AFP သတင်းဌာနက သြဂုတ် ၇ ရက်မှာ ကြည့်ရှုခွင့်ရခဲ့တဲ့ ကုလသမဂ္ဂ လျှို့ဝှက်အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

(မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု) (Photo: AFP)

အဆိုပါ လျှို့ဝှက်အစီရင်ခံစာအရ မြောက်ကိုရီးယားအစိုးရက ဘဏ်များနဲ့ ဒစ်ဂျစ်တယ်ငွေကြေး (crypto-currency) လဲလှယ်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ကာ ငွေများခိုးယူစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ BBC သတင်းဌာနကို သတင်းရင်းမြစ်တွေက အတည်ပြုခဲ့မှုအရ ကုလသမဂ္ဂက ဆိုက်ဘာတိုက်ခိုက်မှု ၃၅ ခုကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုနဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှု လုပ်ဆောင်ခဲ့ခြင်း မရှိပေမဲ့ ၎င်းရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်းလည်း ကုလသမဂ္ဂက အစီရင်ခံစာက ပြောထားပါတယ်။ ယခု ပေါက်ကြားထွက်ပေါ်လာခဲ့တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအရေးယူပိတ်ဆို့မှုဆိုင်ရာ ကော်မတီသို့ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေက ပေးပို့ခဲ့တာဖြစ်ပါတယ်။

(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: AFP)

မြောက်ကိုရီးယားက ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ဒစ်ဂျစ်တယ်ငွေလဲလှယ်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး ခေတ်မီဆန်းပြားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် ဝင်ငွေရရှိရန် လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် အစီရင်ခံစာမှာ ဖော်ပြထားမှုအရ မြောက်ကိုရီးယားဟာ ပိတ်ပင်ထားတဲ့ သင်္ဘောတင်ပို့မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၀၆ ခုနှစ်မှစပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ကျောက်မီးသွေး၊ သံသတ္တု၊ ခဲသတ္တု၊ အထည်အလိပ်နဲ့ ပင်လယ်စာ အပါအဝင် ပြည်ပပို့ကုန် တင်ပို့မှုကို တားမြစ်ပိတ်ပင်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့ပါတယ်။ ထို့အတူ မြောက်ကိုရီးယားသို့ ရေနံစိမ်းနဲ့ သန့်စင်ပြီး ရေနံထွက်ပစ္စည်းများ တင်သွင်းမှုကိုလည်း ပိတ်ပင်ထားပါတယ်။

(ထရန့်နဲ့ကင်မ်ဂျုံအန် တွေ့ဆုံခဲ့စဉ်) (Photo: AP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ယမန်နှစ် ဇွန်လအတွင်း စင်ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေဆုံခဲ့စဉ် နျူကလီးယားစမ်းသပ်မှုနဲ့ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ သဘောတူညီထားခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဦးတည်ဆောင်ရွက်ရန်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့က သဘောတူညီခဲ့ကြပါတယ်။

သို့သော် ယခုနှစ် ဖေဖေါ်ဝါရီလမှာ ၎င်းတို့နှစ်ဦး ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးမှုကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့ကြရာမှာတော့ သဘောတူညီမှုမရရှိခဲ့ဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ပါတယ်။ ကင်မ်ဂျုံအန်နဲ့ ထရန့်တို့ဟာ တတိယအကြိမ် တွေ့ဆုံမှုအဖြစ် ဇွန်လ ၃၀ ရက်နေ့က ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ ထပ်မံ တွေ့ဆုံခဲ့ကြပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြပါတယ်။

(ရေငုပ်သင်္ဘောတည်ဆောက်မှုကို ကင်မ်ဂျုံအန် စစ်ဆေးကြည့်ရှုစဉ်) (Photo: KCNA)

သို့သော် ထိုနောက်ပိုင်းမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သွားမယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်နဲ့တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သတိပေးမှုအဖြစ် ဇူလိုင် ၂၅ ရက်၊ ၃၁ ရက်နဲ့ သြဂုတ် ၂ ရက်၊ ၆ ရက်တို့မှာ တာတိုပစ်ဒုံးကျည် စုစုပေါင်း ရှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၅ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ရဲ့ ရရှိထားခဲ့တဲ့ သဘောတူညီမှုတွေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

(မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတစ်ခု) (Photo: AFP/Getty Images)

ကိုရီယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေဟာ ဗီယက်နမ်နိုင်ငံမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထရန့်နဲ့ကင်မ်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။ ထပ်မံသိရတဲ့ သတင်းအရ နျူကလီးယားလက်နက်ဖျက်သိမ်းရေး မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ဆွေးနွေးမှုတွေကို လာမယ့် သီတင်းပတ်များအတွင်း ပြန်လည်စတင်မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က