မိုးခေါင်ခြောက်သွေ့မှု အခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။

မြောက်ကိုရီးယားမှာ ရာစုနှစ်တစ်ခုကျော်အတွင်း အဆိုးဆုံး မိုးခေါင်မှုကြုံနေရကြောင်း နိုင်ငံပိုင်သတင်းဌာနက မေ ၁၇ ရက်မှာ ပြောပါတယ်။

(မြောက်ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းတစ်နေရာ) (Photo: WFP)

မြောက်ကိုရီးယားမှာ ကြုံတွေ့နေရတဲ့ မိုးခေါင်ခြောက်သွေ့မှု အခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme - WFP) က ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အစိုးရသတင်းဌာနကလည်း မိုးခေါင်ခြောက်သွေ့မှု ဆိုးရွားစွာကြုံတွေ့နေရကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။



မြောက်ကိုရီးယားလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ ၁၀ သန်းကျော်အထိဟာ စားနပ်ရိက္ခာအကူအညီ အရေးတကြီး လိုအပ်နေကြောင်းလည်း WFP က အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။ ယခုနှစ်မှာ မြောက်ကိုရီးယားပြည်သူတွေဟာ တစ်ရက်လျှင် စားနပ်ရိက္ခာပမာဏ ၁၀ အောင်စကျော်မျှဖြင့်သာ အသက်ဆက်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: KCNA/Reuters)

မြောက်ကိုရီးယားမှာ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း (၁၉၉၄ မှ ၁၉၉၈ ခုနှစ်အထိ) စားနပ်ရိက္ခာပြတ်လပ်ပြီး အငတ်ဘေးကျရောက်ခဲ့မှုကြောင့် လူဦးရေသိန်းနဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။ ယခုနှစ်အတွင်း ဗုဒ္ဓဟူးနေ့ (မေ ၁၅ ရက်) အထိ တိုင်းတာမှုများအရ မြောက်ကိုရီးယားမှာ မိုးရေချိန် ၂ လက်မကျော်ရုံမျှသာရရှိခဲ့ပြီး ၁၉၁၇ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်တယ်လို့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီက ထုတ်ဝေတဲ့ Rodong Sinmun သတင်းစာက မေ ၁၈ ရက်မှာ ဖော်ပြပါတယ်။

(မြောက်ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းတစ်နေရာ) (Photo: WFP)

မိုးခေါင်ခြောက်သွေ့မှုကြောင့် မြောက်ကိုရီးယားရှိ ရေကန်များနဲ့ ရေလှောင်တမံတွေမှာ ရေများခမ်းခြောက်နေကြောင်းလည်း အဆိုပါ သတင်းစာကပြောပါတယ်။ 'လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးခေါင်ခြောက်သွေ့မှုက ဂျုံ၊ မုယောစပါး၊ ပြောင်း၊ အာလူးနဲ့ ပဲများ စိုက်ပျိုးထုတ်လုပ်မှုကို သိသာစွာ သက်ရောက်မှုဖြစ်စေကြောင်း' Rodong Sinmun သတင်းစာက ရေးသားထားတယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။

မြောက်ကိုရီးယားက နိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးဆုံး မိုခေါင်မှုကြုံနေခဲ့ရကြောင်း ယခင်က ထုတ်ဖော်ပြောကြားမှုအဖြစ် ၂၀၁၅ ခုနှစ် ဇွန်လအတွင်းမှာလည်း ပြောခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ တရုတ်တို့မှာလည်း မိုးရေချိန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

(မိုးခေါင်ခြောက်သွေ့နေတဲ့ မြောက်ကိုရီးယားနေရာအများစုကို တွေ့ရစဉ်) (Photo: AFP)

တောင်ကိုရီးယားမှာ ယခုနှစ် ပထမငါးလအတွင်း မိုးရေချိန် ၆.၁ လက်မရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ကာလတူအချိန်မှာ ရရှိခဲ့တဲ့ မိုးရေချိန် ၁၄.၃ လက်မအောက် ထက်ဝက်ကျော် လျော့နည်းခဲ့ကြောင်းနဲ့ အနည်းငယ် မိုးခေါင်မှုဖြစ်ကြောင်း တောင်ကိုရီးယား မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

တရုတ်မိုးလေဝသဌာနကလည်း မြောက်ကိုရီးယားနဲ့ နယ်နမိတ်ထိစပ်နေတဲ့ Liaoning နဲ့ Jilin ပြည်နယ်တို့ အပါအဝင် နိုင်ငံအရှေ့မြောက်ပိုင်းမှာ ယခုနှစ်အတွင်း မေ ၉ ရက်အထိ မိုးရေချိန် ၂၇.၆ လက်မမျှသာ ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၅၅ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က