ထင်ရှားပြီး ရာထူးကြီးတဲ့ တောင်ကိုရီးယား ဘက်ပြောင်းခိုလှုံသူရဲ့ သားဖြစ်ပါတယ်။

ကိုရီးယားစစ်ပွဲနောက်ပိုင်း ဘက်ပြောင်းခိုလှုံခဲ့တဲ့ တောင်ကိုရီးယားတွေအနက် ထင်ရှားပြီး ရာထူးကြီးသူတစ်ဦးရဲ့ သားဖြစ်သူက မြောက်ကိုရီးယားသို့ ရွှေ့ပြောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းဟာ ဖခင်ဖြစ်သူ မြောက်ကိုရီးယားသို့ ဘက်ပြောင်းသွားစဉ် တောင်ကိုရီးယားမှာ ကျန်ရစ်ခဲ့ပါတယ်။

(Choe In-guk ကို မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ကြိုဆိုစဉ်) (Photo: Uriminzokkiri)

ယခုဖြစ်ရပ်ဟာ အာဏာရှင်စနစ် မြောက်ကိုရီးယားနိုင်ငံသို့ ရွှေ့ပြောင်းအခြေချတဲ့ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာပါတယ်။ မြောက်ကိုရီးယားသို့ ယခု ရွှေ့ပြောင်းသွားတဲ့ Choe In-guk ဟာ ၁၉၈၆ ခုနှစ်က ဇနီးဖြစ်သူနဲ့အတူ မြောက်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ သားဖြစ်ပါတယ်။



မြောက်ကိုရီးယား အစိုးရသတင်းဌာနရဲ့ အဆိုအရ Choe In-guk ဟာ မြောက်ကိုရီးယားမှာ နေထိုင်သွားမှာဖြစ်ပြီး ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်တွေမှာ ပါဝင်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား Choe In-guk ကဲ့သို့ ဘက်ပြောင်းသွားမှုတွေဟာ အလွန်ရှားပါးပြီး ပုံမှန်အားဖြင့် မြောက်ကိုရီးယားမှာ နေထိုင်ကြသူတွေကသာ တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလေ့ရှိကြပါတယ်။

(သတင်းဌာနကို ထုတ်ပြန်ပြောကြားနေသည့် Choe In-guk) (Photo: Uriminzokkiri)

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ပွဲရပ်ဆိုင်းရန်သာ သဘောတူ လက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ စစ်ပွဲကာလအတွင်းမှာ ရှိနေဆဲလို့ဆိုနိုင်ပါတယ်။ မြောက်ကိုရီးယားဘက်သို့ Cho In-guk ရောက်ရှိသွားခြင်းနဲ့ပတ်သက်ပြီး ၎င်းရဲ့ခရီးစဉ်ကို ခွင့်ပြုချက်တောင်းခံခြင်း မရှိခဲ့ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

"သူ ဘယ်လိုမျိုး ဘက်ပြောင်းသွားခဲ့တယ်ဆိုတာ အတိအကျ မသိရသေးဘူး" လို့ ဆိုးလ်မြို့အခြေစိုက် NK News သတင်းဝက်ဘ်ဆိုက်မှ Oliver Hotham က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား တရုတ်နိုင်ငံကိုဖြတ်ပြီး သွားရောက်နိုင်ပါတယ်။

(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: Getty Images)

ယခု မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့ Choe In-guk ဟာ တောင်ကိုရီးယားအစိုးရထံမှ ခရီးစဉ်ခွင့်ပြုချက် တောင်းခံခဲ့ခြင်းမရှိရာ တောင်ကိုရီးယားဥပဒေကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံကိုပြန်လာပါက အဖမ်းခံရနိုင်ခြေရှိကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။ တောင်ကိုရီးယားကနေ မြောက်ကိုရီးယားဘက်သို့ ဘက်ပြောင်းသွားခဲ့တဲ့ Choe In-guk ဟာ အသက် ၇၃ နှစ်အရွယ်ဖြစ်ပြီး ၎င်းရဲ့ ပုဂ္ဂိုလ်ရေးဘဝ သို့မဟုတ် နိုင်ငံရေးအမြင်တွေကိုတော့ လူသိနည်းပါတယ်။

Choe In-guk က တောင်ကိုရီးယားမှာ ဇနီးနဲ့သမီးရှိတယ်လို့ ဆိုပါတယ်။ ၎င်းရဲ့မိဘတွေကတော့ ကိုရီးယားစစ်ပွဲနောက်ပိုင်း မြောက်ကိုရီးယားသို့ ဘက်ပြောင်းသွားခဲ့ကြတဲ့ အထင်ရှားဆုံးနဲ့ ရာထူးကြီး တောင်ကိုရီးယားတွေ ဖြစ်ကြပါတယ်။ Choe In-guk ပြုံယမ်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်းကို မြောက်ကိုရီးယား အစိုးရသတင်းဌာနက ဇူလိုင် ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ၎င်းကို မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြပုံကိုလည်း ပြသခဲ့ပါတယ်။

(၂၀၀၀ ပြည့်နှစ်က ကွဲကာမိသားစုများ ပြန်ဆုံပွဲမှာ Choe Tok-sin နှင့် မိခင်ဖြစ်သူကို တေ့ွရစဉ်) (Photo: Uriminzokkiri)

Choe In-guk ရဲ့ ဖခင်ဖြစ်သူ Choe Tok-sin ဟာ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ထို့နောက် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း Choe Tok-sin က အမေရိကန်ကို ရွှေ့ပြောင်းအခြေချခဲ့ပြီးနောက် စစ်ဘက်ခေါင်းဆောင် Park Chung-hee ဦးဆောင်တဲ့ တောင်ကိုရီးယားအစိုးရကို အပြင်းအထန် ဝေဖန်သူဖြစ်လာခဲ့ပါတယ်။

ဆယ်စုနှစ်ကြာပြီးနောက်မှာတော့ Choe Tok-sin က ၎င်းရဲ့ဇနီး Ryu Mi-yong နဲ့အတူ မြောက်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံသွားခဲ့ရာ ထိုစဉ်က ခေါင်းစီးသတင်းအဖြစ် အထင်အရှား ဖော်ပြခဲ့ကြပါတယ်။ Choe Tok-sin ဟာ မြောက်ကိုရီးယားသို့ ဘက်ပြောင်းသွားခဲ့စဉ် တောင်ကိုရီးယားမှာ Choe In-guk အပါအဝင် အရွယ်ရောက်ပြီး သားသမီးငါးဦး ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က