နေအိမ်၊ လုပ်ငန်းနဲ့ အခြားနေရာ ၈၀၀,၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားပါတယ်။
Ko John

အမေရိကန်နိုင်ငံ မြောက်ပိုင်ကယ်လီဖိုးနီးယားဒေသမှာ တောမီးလောင်မှုကို တားဆီးရန်အတွက် နေအိမ်များ၊ လုပ်ငန်းများနဲ့ အခြားနေရာ ၈၀၀,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား စတင်ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

(PG&E ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေစဉ်) (Photo: Reuters)

ဆန်ဖရန်စစ္စကိုမြို့ မပါဝင်ပေမဲ့ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဧရိယာရှိ နေရာအများအပြားမှာ ဓာတ်အားဖြတ်တောက်ထားမယ်လို့ ဆိုပါတယ်။ ယခု ဓာတ်အားဖြတ်တောက်မှုဟာ ရက်အနည်းငယ်မျှအထိ ကြာမြင့်နိုင်ကြောင်း အဆိုပါ နေရာဒေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ Pacific Gas and Electric (PG&E) ကုမ္ပဏီက သတိပေးထားပါတယ်။

လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားမှုကြောင့် ဒေသခံအချို့က ဒေါသထွက်နေကြကြောင်းလည်း သိရပါတယ်။ မိုးလေဝသခန့်မှန်းမှုတွေအရ လေပြင်းများတိုက်ခတ်နိုင်ရာ ဓာတ်အားလိုင်းတိုင်များ လဲပြိုရာမှ တောမီးလောင်မှုတွေ ဖြစ်ပွားနိုင်တာကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

(မီးစက်များ ရောင်းကုန်သွားကြောင်း ကြေညာထားမှု) (Photo: @pulcrano/Twitter)

ယခု လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားတဲ့ နေရာဒေသတွေမှာ ၂၀၁၈ ခုနှစ်အတွင်း တောမီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ "အခြေအနေတွေက တောမီးလောင်ဖို့အသင့်ဖြစ်နေတယ်၊ ခြောက်သွေ့မှု၊ လေပြင်းတိုက်မှု၊ ပူနွေးနေတဲ့ ရာသီဥတုဖြစ်နေတယ်၊ မီးပွားလေးတစ်စကနေ ကြီးမားတဲ့ တောမီးလောင်မှုကြီး ဖြစ်လာနိုင်ပါတယ်" လို့ ဆန်ဂျို့စ်မြို့ရှိ အရေးပေါ် စီမံခန့်ခွဲမှုရုံးမှ ညွှန်ကြားရေးမှူး Ray Riordan က ယမန်နေ့ (အောက်တိုဘာ ၈ ရက်) သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယမန်နှစ်က ကယ်လီဖိုးနီးယားပြည်နယ် ပါရာဒိုက်စ်မြို့ငယ်လေးမှာ 'Camp Fire' လို့ အမည်သတ်မှတ်ခဲ့တဲ့ တောမီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ မြေဧရိယာ ဧက ၁၅၀,၀၀၀ မီးလောင်ကျွမ်းခဲ့ပြီး လူ ၈၆ ဦး သေဆုံးခဲ့ဖူးပါတယ်။

(၂၀၁၈ ခုနှစ် Camp Fire တောမီးလောင်မှု) (Photo: Getty Images)

ထိုစဉ်က တောမီးလောင်မှုဟာ PG&E ကုမ္ပဏီပိုင် လျှပ်စစ်ဓာတ်အားပေး ပစ္စည်းကိရိယာကို ပြုပြင်ထိန်းသိမ်းမှုအားနည်းချက်ကြောင့် ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုက ကောက်ချက်ချခဲ့ပါတယ်။ 'Camp Fire' တောမီးဟာ ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုတွေဟာလည်း PG&E ဓာတ်အားပေးကုမ္ပဏီရဲ့ ပြုပြင်ထိန်းသိမ်းမှုအားနည်းချက်ကြောင့်ပင် ဖြစ်တယ်လို့ဆိုပါတယ်။ ထိုနောက်မှာတော့ PG&E ကုမ္ပဏီဟာ တရားစွဲဆိုမှုတွေ ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်မှာ ဒေဝါလီခံကြောင်း ကြေညာခဲ့ကာ လက်ရှိအချိန်အထိ ဒေဝါလီခံမှုလုပ်ငန်းစဉ် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

(PG&E က ဓာတ်အားဖြတ်တောက်ထားမည့် နေရာများ)

"ကျွန်မတို့ ပြီးခဲ့တဲ့ ၂ နှစ်မှာ မကြုံစဖူး တောမီးလောင်မှုတွေကို ကြံတွေ့ခဲ့ရပါတယ်၊ အဲဒီလို အတွေ့အကြုံကနေ ကျွန်မတို့ သင်ခန်းစာရခဲ့တာကတော့ ကျွန်မတို့ရဲ့ ဓာတ်အားသုံးစွဲသူတွေနဲ့ ကျွန်မတို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုင်းအဝိုင်းကို ဘေးကင်းလုံခြုံရေး သေချာစေဖို့ အရင်ထက်ပိုပြီး လုပ်ဆောင်ရမယ်ဆိုတာပါပဲ၊ အများပြည်သူ ဘေးကင်းလုံခြုံစေဖို့ ဓာတ်အားဖြတ်တောက်တာက ကျွန်မတို့ လုပ်ဆောင်နေမှုတွေထဲက တစ်ခုဖြစ်ပါတယ်" လို့ PG&E ပြောခွင့်ရအမျိုးသမီးက BBC သတင်းဌာနရဲ့မိတ်ဖက်ဖြစ်တဲ့ CBS News ကို ပြောခဲ့ပါတယ်။


က္က