ဂျိုဟန်နက်စ်ဘက်မြို့ကို မီနီဘတ်စ်ဖြင့် မောင်းနှင်လာနေစဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
Ko John

တောင်အာဖရိကနိုင်ငံမှာ သေနတ်သမားများက ချုံခိုတိုက်ခိုက်မှုကြောင့် တက္ကစီယာဉ်မောင်း ၁၁ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ Gauteng ပြည်နယ်မှ တက္ကစီယာဉ်မောင်းအုပ်စုဟာ စနေနေ့ (ဇူလိုင် ၂၁ ရက်) ညပိုင်းက ဂျိုဟန်နက်စ်ဘက်မြို့ကို မီနီဘတ်စ်ဖြင့် မောင်းနှင်လာနေစဉ် လမ်းခုလတ်မှ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရသည့် မီနီဘတ်စ်ကား (Photo: S.A.V.E.R South Africa Volunteer Emergency)





တိုက်ခိုက်မှုအတွင်း တက္ကစီယာဉ်မောင်း ၁၁ ဦး သေဆုံးခဲ့ပြီး အခြား ၄ ဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း သိရပါတယ်။ တက္ကစီယာဉ်မောင်းတွေဟာ တောင်အာဖရိက ကမ်းရိုးတန်းဒေသ Kwa-Zulu Natal မှာ ပြုလုပ်ခဲ့တဲ့ အခြား လုပ်ဖော်ကိုင်ဖက် တက္ကစီယာဉ်မောင်းတစ်ဦးရဲ့ ဈာပနကိုသွားရောက်ခဲ့ကြပြီး အပြန်လမ်းမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ယခု ချုံခိုတိုက်ခိုက်မှု နောက်ကွယ်မှအကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ တောင်အာဖရိကမှာ မီနီဘတ်စ် တက္ကစီယာဉ်မောင်းများ အုပ်စုဖွဲ့ကာ ပြေးဆွဲလေ့ရှိပြီး ပြိုင်ဘက်အုပ်စုများကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ယခင်က ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

တောင်အာဖရိကမှ မီနီဘတ်စ်တက္ကစီများ (Photo: Reuters/Mike Hutchings)



လူဦးရေ ၅၅ သန်းရှိတဲ့ တောင်အာဖရိကနိုင်ငံမှာ မီနီဘတ်စ်ကားများဖြင့် တက္ကစီပြေးဆွဲမှု အများဆုံးဖြစ်ပါတယ်။ ဇူလိုင် ၂၁ ရက် ညပိုင်းက Colenso နဲ့ Weenen မြို့ငယ်နှစ်ခုကြားမှာ မီနီဘတ်စ်ကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Jay Naicker က ပြောပါတယ်။

"မီနီဘတ်စ်ကား ချုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်၊ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်၊ နောက်ထပ် ၄ ဦးကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဆေးရုံတင်ထားရပါတယ်" လို့ ၎င်းကဆိုပါတယ်။

"ဒီဒေသမှာက တက္ကစီကိစ္စတွေနဲ့ အကြမ်းဖက်မှုတွေ အတော်များများ ဖြစ်ပွားခဲ့ပါတယ်၊ ဒါပေမဲ့ အခုဖြစ်ရပ်ကိုတော့ ဘယ်သူတွေ လုပ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲပါပဲ" လို့ Jay Naicker က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တောင်အာဖရိကမှ မီနီဘတ်စ်တက္ကစီများ (Photo: AFP/Getty Images)



ဂျိုဟန်နက်စ်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုကဲ့သို့ ပစ်မှတ်ထား ချုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း တောင်အာဖရိက မီဒီယာတွေက ဖော်ပြပါတယ်။

တောင်အာဖရိကမှာ သီတင်းတစ်ပတ်အတွင်း ရန်ငြိုးရန်စ မရှိသူအဖြစ် သိထားကြတဲ့ တက္ကစီယာဉ်ပိုင်ရှင်တစ်ဦး ၎င်းရဲ့ယာဉ်အတွင်း ပစ်သတ်ခံခဲ့ရပြီး အခြား တက္ကစီယာဉ်မောင်းနှစ်ဦးဟာလည်း ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် သွားလာနေစဉ် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေလအတွင်းကလည်း ကိပ်တောင်းမြို့မှာ ပြိုင်ဘက် မီနီဘတ်စ် တက္ကစီယာဉ်မောင်းအုပ်စုများကြား အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က