လူအချို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါတယ်။

‌တောင်ကိုရီးယားနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း မီတက်ဂ် ဖြတ်သန်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်ပြီး လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ကာ အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၃ ရက်) ပြောပါတယ်။

(Photo: EPA-EFE)

တိုင်းဖွန်းမီတက်ဂ် (Typhoon Mitag) တိုက်ခတ်ပြီးနောက် အခြား လူအချို့လည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။ မုန်တိုင်းဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းဒေသတွေကို ယမန်နေ့ (အောက်တိုဘာ ၂ ရက်) ညပိုင်းမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်နေရာတွေမှာ ရေကြီးမှုနဲ့ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ တိုင်ဖွန်းမီတက်ဂ် တိုက်ခတ်မှုအတွင်း တောင်ကိုရီးယား အရှေ့တောင်ပိုင်းရှိ Pohang မြို့မှာ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး လေပြင်းတိုက်မှုကြောင့် လွင့်ထွက်သွားခဲ့ပြီး သေဆုံးခဲ့ပါတယ်။



နောက်ထပ် အမျိုးသမီးတစ်ဦးမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အိပ်ပျော်နေစဉ် အိမ်ပြိုကျမှုအတွင်း သေဆုံးခဲ့ကြောင်း တောင်ကိုရီးယား ပြည်ထဲရေးနဲ့ဘေးကင်းလုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံတစ်ဝှမ်း တိုင်းဖွန်မုန်တိုင်းကြောင့် လက်ရှိအချိန်အထိ လူကိုးဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး လူအချို့ ပျောက်ဆုံးနေဆဲဖြစ်ရာ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး သက်ရောက်ခဲ့ရာ နေရာတစ်ခုဖြစ်တဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့ ဘူဆန်မှာ မြေပြိုမှုအတွင်း နစ်မြုပ်သွားခဲ့တဲ့ လူလေးဦးကို ရှာဖွေနိုင်ရန် ကယ်ဆယ်ရေးသမား ၆၀၀ ခန့်က ကြိုးပမ်းနေကြပါတယ်။ တိုင်းဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများအတွင်း နေအိမ် ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်းနဲ့ လူဦးရေ ၁,၅၀၀ ကျော်ကို ၎င်းတို့နေအိမ်များမှ ကြိုတင်ရွှေ့ပြောင်းထားခဲ့ကြောင်း ပြည်ထဲရေးနဲ့ဘေးကင်းလုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။

(Photo: AAP)

မီတက်ဂ်ဟာ ယခုနှစ်မှာ ဒေသတွင်း ၁၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ခုနစ်ခုမြောက် မုန်တိုင်းလည်းဖြစ်ပါတယ်။ တိုင်ဖွန်းမီတက်ဂ်ဟာ တောင်ကိုရီးယားကို မဝင်ရောက်မီ ထိုင်ဝမ်မှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ နေအိမ် ၆၆,၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ထိုင်ဝမ်မှာ လေကြောင်းခရီးစဉ် ၁၅၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး အရောင်းအဝယ်လုပ်ငန်းများ၊ ကျောင်းများပိတ်ထားစေခဲ့ကြောင်း သိရပါတယ်။




က္က