သားဖွားမီးယပ်ဆရာဝန်တစ်ဦးနဲ့ သူနာပြုတစ်ဦးကို ပေါ့ဆမှုအတွက် တရားစွဲဆိုထားပါတယ်။
Ko John

တောင်ကိုရီးယားမှာ ဆရာဝန်က လူနာမှားယွင်းပြီး ကိုယ်ဝန်ဖျက်ချလိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သူမရဲ့ကလေးကို ဆုံးရှုံးလိုက်ရကြောင်း Korea Herald သတင်းက စက်တင်ဘာ ၂၃ ရက်မှာ Seoul Gangseo ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြပါတယ်။

(Photo: AFP)

စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ မှားယွင်းပြီး ကိုယ်ဝန်ဖျက်ချခံရတဲ့ အမျိုးသမီးဟာ ဗီယက်နမ်နိုင်ငံသူဖြစ်ပြီး သူမဟာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က ဆေးရုံသို့လာရောက်ခဲ့စဉ် ကိုယ်ဝန်ခြောက်ပတ်ရှိနေခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အားဆေးထိုးပေးရန် ညွှန်ကြားခဲ့ပါတယ်။

သို့သော် သူနာပြုက သူမရဲ့အမည်ကို အတည်ပြု မေးမြန်းခြင်းမရှိဘဲ မေ့ဆေးထိုးပေးလိုက်တယ်လို့ Yonhap သတင်းက ပြောပါတယ်။ ထို့နောက် သက်ဆိုင်ရာ ဆရာဝန်ကလည်း လူနာရဲ့အချက်အလက်တွေကို စစ်ဆေးခြင်းမပြုဘဲ ကိုယ်ဝန်ဖျက်ချလိုက်ကြောင်း သိရပါတယ်။ မှားယွင်းပြီး ကိုယ်ဝန်ဖျက်ချခံရတဲ့ အမျိုးသမီးက နောက်ရက်မှာ ဆေးရုံသို့ပြန်လာပြီး သန္ဓေသားပျက်သွားကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။

(Photo: Shutterstock)

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး သားဖွားမီးယပ်ဆရာဝန်တစ်ဦးနဲ့ သူနာပြုတစ်ဦးကို ပေါ့ဆမှုအတွက် တရားစွဲဆိုထားကြောင်း သိရပါတယ်။ တောင်ကိုရီးယားမှာ မုဒိမ်းမှုများမှာနဲ့ မိခင်ရဲ့ကျန်းမာရေးအန္တရာယ်ရှိမှုကြောင့်မှလွဲပြီး ကိုယ်ဝန်ဖျက်ချမှုကို လက်ရှိအချိန်အထိ တရားမဝင်သေးပါဘူး။

ကိုယ်ဝန်ဖျက်ချမှု တားမြစ်ပိတ်ပင်ထားခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမျိုးသမီများရဲ့ အခွင့်အရေးကို ထိန်းချုပ်ဟန့်တားရာရောက်ကြောင်း ယခုနှစ် ဧပြီလအတွင်း ဆုံးဖြတ်ထားခဲ့ပါတယ်။ ထိုသို့ ဆုံးဖြတ်ထားခဲ့ပြီးနောက် လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ကိုယ်ဝန်ဖျက်ချမှု တားမြစ်ပိတ်ပင်ခြင်းကို တောင်ကိုရီးယားမှာ ပယ်ဖျက်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

(တောင်ကိုရီးယား အခြေခံဥပဒေဆိုင်ရာခုံရုံး) (Photo: Getty Images)

တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ပိတ်ပင်ထားပေမဲ့ ဥပဒေအရ အရေးယူဆောင်ရွက်မှု ရှားပါးပြီး ကိုယ်ဝန်ဖျက်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြကြောင်း အစိုးရအချက်အလက်တွေကို ကိုးကားပြီး The New York Times သတင်းက ဖော်ပြပါတယ်။

တောင်ကိုရီးယားမှာ ၂၀၁၇ ခုနှစ်အတွင်း ခန့်မှန်းခြေအားဖြင့် ကိုယ်ဝန်ဖျက်ချမှု ၄၉,၇၀၀ ရှိခဲ့ပြီး ၉၄ ရာခိုင်နှုန်းဟာ တရားမဝင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Korea Institute for Health and Social Affairs က ပြောပါတယ်။ အမှန်တစ်ကယ် ကိုယ်ဝန်ဖျက်ချမှု အရေအတွက်ဟာ ပိုမိုများပြားနိုင်ကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က