လေပြင်းတိုက်ခတ်မှုကြောင့် တောမီးလောင်မှုဟာ လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။

တောင်ကိုရီးယား နေရာဒေသများတစ်လျှောက် ကြီးမားတဲ့ တောမီးလောင်မှု ယနေ့ (ဧပြီ ၅ ရက်) ဆက်လက် ဖြစ်ပွားနေခဲ့ပြီးနောက် အာဏာပိုင်တွေက နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်ကြောင်း ကြေညာလိုက်တယ်လို့ သိရပါတယ်။

(Photo: @reddybluedy/Twitter)

ကြီးမားစွာ တောက်လောင်နေတဲ့ တောမီးကို မီးသတ်ကား အစီး ၉၀၀ နဲ့ အရေအတွက် သောင်းနဲ့ချီတဲ့ မီးသတ်သမားတို့ဖြင့် ထိန်းချုပ်နိုင်ရန် ကြိုပမ်းနေတယ်လို့ဆိုပါတယ်။ ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ပြသမှုတွေအရ ညအမှောင်မှာ မီးတောက်တံတိုင်းကြီးတွေကို အထင်းသားမြင်တွေ့ခဲ့ကြရပါတယ်။



(Photo: Reuters)

ဒါ့အပြင် မီးလောင်ကျွမ်းနေတဲ့ အဆောက်အအုံတွေနဲ့ တောင်စောင်းတစ်လျှောက် မီးခိုးများဖုံးလွှမ်းနေတာလည်း တွေ့ခဲ့ရပါတယ်။ တောမီးလောင်မှုဟာ ကြာသပတေးနေ့ (ဧပြီ ၄ ရက်) နှောင်းပိုင်းက တောင်ကိုရီးယား အရှေ့မြောက်ဘက်စွန်းရှိ Goseong မြို့မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။

(Photo: Reuters)

အဆိုပါမြို့ဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်မှ မိုင် ၃၀ နီးပါးအကွာမှာ တည်ရှိကြောင်းလည်းသိရပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် တောမီးလောင်မှုဟာ Goseong မြို့အနီးရှိ Sokcho, Gangneung နဲ့ Donghae မြို့များသို့ နာရီပိုင်းအတွင်း လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားခဲ့တယ်လို့ Yonhap သတင်းဌာနက ပြောပါတယ်။

(Photo: AFP)

တောင်ကိုရီးယားအစိုးရရဲ့ ထုတ်ပြန်ချက်အရ တောမီးကြောင့် နေအိမ် ၄၀၀ ခန့်နဲ့ မြေဧက ၁,၂၀၀ ကျော် လောင်ကျွမ်းပျက်စီးခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ထားပါတယ်။ တောမီးလောင်မှုအတွင်း လူတစ်ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရခဲ့ကာ လူဦးရေ ၄,၂၀၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

(Photo: AFP)

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက တောမီးလောင်မှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ Gangwon ဒေသကို သွားရောက်ကြည့်ရှုခဲ့ပြီး နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တောမီးလောင်မှု ကူညီငြှိမ်းသတ်ရန်အတွက် တောင်ကိုရီးယားစစ်တပ်က ရဟတ်ယာဉ် ၃၂ စီး၊ စစ်တပ် မီးသတ်ယာဉ်များနဲ့ စစ်သား ၁၆,၅၀၀ ကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

"ကံကောင်းတာက တောမီး အဓိက လောင်ကျွမ်းနေတဲ့နေရာကို ထိန်းချုပ်နိုင်ပါပြီ" လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Choi Moon-soon က YTN ရေဒီယိုသတင်းဌာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ အခြားနေရာတွေမှာ တောမီးလောင်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်လို့လည်း Choi Moon-soon က ဖြည့်စွက်ပြောပါတယ်။

(Photo: AFP)

ကြီးမားတဲ့ တောမီးလောင်မှုကြောင့် တောင်ကိုရီးယားအစိုးရက နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်ကြောင်း သတ်မှတ်ကြေညာခဲ့ပါတယ်။ သဘာဝဘေးအန္တရယ်ကျရောက်ကြောင်း သတ်မှတ်ကြေညာမှုအရ တောမီးသင့်တဲ့ နေရာဒေသများသို့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ ပစ္စည်းကိရိယာ အပါအဝင် အထူး အကူအညီများ ပေးပို့သွားမှာဖြစ်ပြီး တောမီးအန္တရာယ်ဇုန်များသို့ ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

(Photo: @velieve95_kr/Twitter)

တောင်ကိုရီးယားမှာ သဘာဝဘေးအန္တရာယ်ကျရောက်ကြောင်း သတ်မှတ်ကြေညာရမှုဟာ ၂၀၀၇ ခုနှစ်မှာ နောက်ဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ ထိုစဉ်က ရေနံစိမ်းတင်သင်္ဘောမှ တန်ချိန်ထောင်နဲ့ချီတဲ့ ရေနံများ တောင်ကိုရီးယား အနောက်ဘက်ကမ်းလွန် ပင်လယ်ပြင်မှာ ယိုဖိတ်ကျခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုအဖြစ် သတ်မှတ်ကြေညာခဲ့ရတာ ဖြစ်ပါတယ်။




Share

Loading Next Article...
က္က