သမ္မတနန်းတော်မှာ ပြုလုပ်ခဲ့တဲ့ တောမီးလောင်မှုငြှိမ်းသတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။

နိုင်ငံမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေကို မငြှိမ်းသတ်နိုင်ပါက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အရာရှိတွေကို အလုပ်ထုတ်ပစ်မယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သြဂုတ် ၆ ရက်နေ့မှာ ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

(Photo: AFP)

မီးငြှိမ်းသတ်ရန်အတွက် ဒရုန်းကဲ့သို့ လိုအပ်တဲ့ နည်းပညာမြင့် ပစ္စည်းကိရိယာများအတွက်လည်း အစိုးရက ရန်ပုံငွေထောက်ပံ့သွားမယ်လို့ သမ္မတဂျိုကိုဝီက ကတိပြုခဲ့ပါတယ်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် ဆူမာတြားကျွန်းပေါ်ရှိ ပြည်နယ်ခြောက်ခုနဲ့ ဘော်နီယိုကျွန်းပေါ်ရှိ ကာလီမန်တန်ပြည်နယ်တို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားရပါတယ်။



"တောမီးနဲ့ လယ်ယာမြေမီးလာင်မှုကို မဖြေရှင်းနိုင်သူတွေ ရာထူးနေရာ အစားထိုးခံရမယ်ဆိုတာ ပြောလိုက်ဖို့အတွက် ကျွန်တော် စစ်တပ် တပ်မှူးနဲ့ ရဲချုပ်ကို ဖုန်းဆက်ပြောခဲ့ပါတယ်" လို့ အင်ဒိုနီးရှားသမ္မတက ဆိုပါတယ်။ သမ္မတနန်းတော်မှာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ တောမီးလောင်မှုငြှိမ်းသတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဂျိုကိုဝီက ထိုသို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP)

"အပူချိန်မြင့်တက်နေတဲ့ နေရာတွေကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့၊ မီးလောင်မှု သေးငယ်တုန်းမှာ ချက်ချင်းငြှိမ်းသတ်ပါ၊ မီးကြီးလာတဲ့အထိ စောင့်မနေကြပါနဲ့" လို့ သမ္မတဂျိုကိုဝီက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ လယ်သမားတွေက စိုက်ပျိုးမြေရှင်းလင်းရန် ခြောက်သွေ့တဲ့ရာသီအတွင်း လယ်ယာမြေတွေကို မီးရှို့ကြလေ့ရှိပါတယ်။

သို့သော် အဆိုပါ မီးရှို့မှုတွေမှတစ်ဆင့် မထိန်းနိုင်တဲ့အထိ ကူးစက်လောင်ကျွမ်းမှုတွေဖြစ်ကာ အိမ်နီးချင်း စင်ကာပူနဲ့ မလေးရှားနိုင်ငံများသို့ပါ မီးခိုးများ ပျံ့နှံ့ရောက်ရှိတတ်ပါတယ်။ အင်ဒိုနီးရှားမှာ ၂၀၁၅ ခုနှစ်က ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ယခုနှစ်မှာ အပူချိန်အမြင့်ဆုံး ဖြစ်နေတဲ့နေရာများ စံချိန်တင်အရေအတွက် ရှိနေခဲ့ပါတယ်။

(Photo: AFP)

အင်ဒိုနီးရှားမှာ ယခုနှစ်အတွင်း အပူချိန်မြင့်တက်နေတဲ့ နေရာပေါင်း ၉၇၅ ခုရှိခဲ့ပြီး ပြည်နယ် ၁၈ ခုမှာ မြေဧရိယာ ၃၃၃,၀၀၀ ကျော်ကို မီးလောင်ခဲ့ကြောင်း လုံခြုံရေးဝန်ကြီး ဝီရန်တိုက ပြောပါတယ်။ အပူချိန်မြင့်တက်ပြီး တောမီးလောင်မှုဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကိုသိရှိနိုင်ရန် ဒရုန်းကဲ့သို့ ခေတ်မီပစ္စည်းကိရိယာများ အသုံးပြုသင့်ကြောင်းလည်း သမ္မတဂျိုကိုဝီက တိုက်တွန်းခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ဒေသဆိုင်ရာ အစိုးရအသုံးစရိတ်ဖြင့် ထိုကဲ့သို့ ခေတ်မီပစ္စည်းကိရိယာများ မဝယ်နိုင်ပါက ဝယ်ယူပေးသွားမယ်လို့လည်း ဂျိုကိုဝီက ပြောပါတယ်။ အင်ဒိုနီးရှားမှာ တောမီးလောင်မှုမှ ထွက်ရှိလာတဲ့ မီးခိုးများ ပျံ့နှံ့ရောက်ရှိလာနိုင်တဲ့ အခြေအနေကို စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့မှာ သတိပေးထားတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ တောမီးငြှိမ်းသတ်ရန် လေယာဉ်ဖြင့် ရေဖြန်းချမှုနဲ့ မီးလောင်မှုမှ မီးခိုးနဲ့အမှုန်အမွှားများ လေထုထဲသို့ ပျံ့နှံ့မှုနည်းပါးအောင် ဆောင်ရွက်သွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ နေရာဒေသအများအပြားမှာ မပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်ခြောက်သွေ့မှု ကြုံတွေ့နေရကြောင်း မိုးလေဝသဌာနက ပြောပါတယ်။ ပူပြင်းခြောက်သွေ့မှုဟာ သြဂုတ်လလယ်ပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ အမြင့်ဆုံးဖြစ်နေမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က