ကိုရီးယားနှစ်နိုင်ငံဟာ ယခင်က ဖက်စ်နဲ့ အထူးဖုန်းလိုင်းတို့ဖြင့်သာ ဆက်သွယ်ခဲ့ကြပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားဘက်အခြမ်း နယ်စပ်ဒေသရှိ ကေဆောင်မြို့မှာ ယနေ့ (စက်တင်ဘာ ၁၄ ရက်) ဖွင့်လှစ်လိုက်ကြောင်း တောင်ကိုရီးအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးဖွင့်ပွဲ (Photo: Reuters)



ယခု ဆက်ဆံရုံး ဖွင့်လှစ်မှုဟာ နှစ်နိုင်ငံကြား သံရုံးထားရှိနိုင်မယ့် ပထမခြေလှမ်းနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး နောက်ထပ် ခြေလှမ်းတစ်ခုလည်း ဖြစ်လာပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို တောင်ကိုရီးယားက ပြီးခဲ့တဲ့ သြဂုတ်လအတွင် ဖွင့်လှစ်ရန်မျှော်လင့်ခဲ့ပေမဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေခဲ့မှုကြောင့် ဆက်ဆံရေးရုံးဖွင့်လှစ်မှု နှောင့်နှေးခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးဖွင့်ပွဲကို တက်ရောက်ကြသူများ (Photo: AFP)



တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ယခင်က ဖက်စ်နဲ့ အထူးဖုန်းလိုင်းတို့ဖြင့်သာ ဆက်သွယ်ခဲ့ကြခြင်းဖြစ်ပြီး ယခုအခါမှာတော့ နှစ်နိုင်ငံဆက်ဆံရေးရုံးမှတစ်ဆင့် ၂၄ နာရီ ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

ယနေ့ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးရုံးဖွင့်ပွဲကို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့မှ ဒုတိယဝန်ကြီးအဆင့် အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

လာမယ့် သီတင်းပတ်မှာလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ယခုနှစ်အတွင်း တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ပြုံးယမ်းမြို့မှာ ပြုလုပ်သွားရန် စီစဉ်ထားပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Photo: Reuters)



အဆိုပါ တွေ့ဆုံဆွေးနွေးမှုက အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား သံတမန်ဆက်ဆံရေး မတိုးသာမဆုတ်သာ ဖြစ်နေမှုကို ဖြေရှင်းရေးအတွက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ယခုနှစ် ဇွန်လအတွင်း စင်ကာပူနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စမှာ နှစ်နိုင်ငံကြား သဘောကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ဒေါ်နယ်ထရန့်နှင့် ကင်မ်ဂျုံအန်တို့ စင်ကာပူမှာ တွေ့ဆုံခဲ့ကြစဉ် (Photo: AP)



ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ကင်မ်ဂျုံအန်က သမ္မတထရန့်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ၎င်းအနေနဲ့ ထရန့်ရဲ့ ပထမ သမ္မတသက်တမ်းအတွင်းမှာ နျူကလီးယားလက်နက်ဖျက်သိမ်းမှုကို အောင်မြင်ပြီးမြောက်ရန် လုပ်ဆောင်လိုကြောင်း ပြောထားပါတယ်။

ကင်မ်ဂျုံအန်ထံမှ အဆိုပါစာကို လက်ခံရရှိပြီးနောက် အမေရိကန်သမ္မတထရန့်ကလည်း အလွန်ခင်မင်ရင်းနှီးဖွယ်ရာ စာတစ်စောင်ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။ အဆိုပါစာထဲမှာ ကင်မ်ဂျုံအန်က ထရန့်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က