ထောင်နဲ့ချီတဲ့ ဒေါ်လာတွေနဲ့ သင်္ဘောသားတွေရဲ့ အသုံးအဆောင်များကို ယူဆောင်သွားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေက တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးကို စီးနင်းတိုက်ခိုက်ပြီး ထောင်နဲ့ချီတဲ့ ဒေါ်လာတွေနဲ့ သင်္ဘောသားတွေရဲ့ အသုံးအဆောင်များကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

(Map: Google Maps)

ယနေ့ (ဇူလိုင် ၂၂ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ CK Bluebell ကုန်တင်သင်္ဘော ပင်လယ်ဓားပြတိုက်ခံရမှုအတွင်း လူနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ကို ယူဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် ပင်လယ်ဓားပြတွေက မိုဘိုင်းဖုန်းများ၊ အဝတ်အထည်များနဲ့ ရှုးဖိနပ်များ အပါအဝင် သင်္ဘောသား ၂၂ ဦးရဲ့ အသုံးအဆောင်တွေကို လုယက်ယူဆောင်သွားကြောင်း တောင်ကိုရီးယား ပင်လယ်သမုဒ္ဒရားများနဲ့ ငါးဖမ်းလုပ်ငန်းများ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။



(Photo: Andrew Maher/Marine Traffic)

CK Bluebell သင်္ဘောဟာ စင်ကာပူနိုင်ငံကနေ စနေနေ့ (ဇူလိုင် ၂၀ ရက်) မွန်းလွဲပိုင်းမှာ ထွက်ခွာလာခဲ့ပြီး တောင်ကိုရီယားနိုင်ငံ အင်ချွန်းဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းလာစဉ် ပင်လယ်ဓားပြတိုက်ခံခဲ့ရတယ်လို့ Refinitiv Eikon သင်္ဘောသွားလာမှု စောင့်ကြည့်အချက်အလက်တွေအရ သိရှိရပါတယ်။ အဆိုပါ ကုန်တင်သင်္ဘောဟာ ဓားပြတိုက်ခံရပြီးနောက် ပုံမှန်အတိုင်း ဆက်လက် ခုတ်မောင်းလာခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ပင်လယ်ဓားပြတွေက ကုန်တင်သင်္ဘောကို စင်ကာပူရေလက်ကြားအနီးမှာ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap က အစောပိုင်းမှာ ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဆိုပါသင်္ဘောဟာ အေနမ်ဘတ်စ်ကျွန်းစု (Anambas Islands) အနီးမှာ ပင်လယ်ဓားပြတိုက်ခံရကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

(Photo: AFP)

သေနတ်တစ်လက်နဲ့ ဓားတွေကိုင်ဆောင်ထားတဲ့ ပင်လယ်ဓားပြ ခုနစ်ဦးက CK Bluebell သင်္ဘောပေါ်ကို တက်ရောက်လာခဲ့ပြီး သင်္ဘောသားတွေကို တိုက်ခိုက်ခဲ့ကာ ငွေနဲ့ပစ္စည်းများ ယူဆောင်သွားခဲ့တယ်လို့ Yonhap က ပြောပါတယ်။ ပင်လယ်ဓားပြတိုက်မှုဟာ မိနစ် ၃၀ မျှ ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

ယခု ပင်လယ်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တဲ့ ပင်လယ်ရေလမ်းကြောင်းကို လတ်တလော နှစ်များအတွင်း ကင်းလှည့်စောင့်ကြပ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေခဲ့ပြီး ပင်လယ်ဓားပြမှုတွေ လျော့ကျလာခဲ့ပါတယ်။ သို့သော် ကမ္ဘာ့ပင်လယ်ရေလမ်းကြောင်းတွေမှာ ပင်လယ်ဓားပြတိုက်မှုတွေ တိုးမြှင့်ဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။

(Photo: 7deniz)

International Chamber of Commerce ရဲ့ မှတ်တမ်းတွေအရ ၂၀၁၈ ခုနှစ်အတွင်း ပင်လယ်ဓားပြတိုက်မှုနဲ့ လက်နက်ကိုင်လုပယ်မှု ၂၀၁ မှု ဖြစ်ပွားခဲ့ရာ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုအရေအတွက် ၁၈၀ ထက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ဟာ သင်္ဘောလမ်းကြောင်းတွေအတွက် အဓိက အရေးပါတဲ့ နေရာလည်းဖြစ်ပါတယ်။ လတ်တလော နှစ်များအတွင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းစုတွေနဲက သန္တာကျောက်တန်းတွေကို ပိုင်ဆိုင်မှုအပေါ် တရုတ်နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံများကြား အငြင်းပွားမှုတွေဖြစ်နေခဲ့ပါတယ်။

Source: Reuters, CNA, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က