တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင် ၁၅,၀၀၀ ပါဝင်ခဲ့ကြပါတယ်။
Ko John

တရုတ်အစိုးရက ယနေ့ (အောက်တိုဘာ ၁ ရက်) ကျင်းပပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ အာဏာရပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ ခေတ်မီစစ်လက်နက် အများအပြားကို ပြသသွားခဲ့ပါတယ်။

(Photo: Greg Baker/AFP)

တရုတ်အမျိုးသားနေ့အဖြစ်လည်း သတ်မှတ်ထားတဲ့ ယနေ့ကျင်းပပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ ပဲ့ထိန်းကျည်အသစ်များ၊ အသံထက်မြန်တဲ့ ဒရုန်းများနဲ့ မျိုးဆက်သစ် တိုက်ပွဲဝင်တင့်ကားများကို ပြသသွားခဲ့ပြီး တရုတ်အစိုးရက စစ်လက်နက်စွမ်းရည်ကို ၎င်းရဲ့ပြိုင်ဘက် အမေရိကန်နိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်ရန် မြှင့်တင်နေကြောင်း သိသာထင်ရှားစေပါတယ်။

တိန်အန်မင်ရင်ပြင်တစ်လျှောက် စစ်ရေးပြအခမ်းအနားအတွင်း စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာပိုင်ဆိုင်ရာ ဆန်းသစ်တီထွင်မှုက အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်က လွှမ်းမိုးထားမှုကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အများအပြားက ရှုမြင်ထားကြပါတယ်။

(Photo: Xinhua/NEWS.CN)

ကွန်မြူနစ်ပါတီအာဏာရမှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား မတိုင်မီ တပ်ဖွဲ့များကို စစ်ဆေးခဲ့တဲ့ တရုတ်သမ္မတရှီကျင်းပင်က ပြည့်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) ကို ရာစုနှစ်ဝက်အရောက်မှာ ကမ္ဘာ့အဆင့်မီ တပ်မတော်ဖြစ်လာစေရန် တွန်းအားပေးခဲ့ပါတယ်။

တရုတ်နိုင်ငံက အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးတင်းမာမှု ကြုံနေရစဉ်မှာ ၎င်းရဲ့ စစ်တပ်ကို ခေတ်မီတိုးတက်စေရန် အလျင်အမြန် လုပ်ဆောင်လာခဲ့ပါတယ်။ အမေရိကန်ကလည်း တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်နက်တွေတိုးချဲ့မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရန် ရည်မှန်းချက်ထားမှုတို့အပေါ် စိုးရိမ်ပူပန်နေပါတယ်။

(Photo: Greg Baker/AFP)

ယနေ့ ဘေဂျင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ PLA တပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့် ချီတက်ခဲ့ကြပြီး စစ်လက်နက်ပစ္စည်းနဲ့ စစ်ဘက်သုံးယာဉ် ၅၈၀ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ဘက်လေယာဉ် ၁၆၀ ကလည်း ဘေဂျင်းကောင်းကင်ယံမှာ ပျံဝဲပြသခဲ့တာ တွေ့ရပါတယ်။

စစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတရှီကျင်းပင်နဲ့ အခြား ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက တက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ ယနေ့ စစ်ရေးပြအခမ်းအနားမှာ တရုတ်နိုင်ငံက ပြသခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေအနက် Dongfeng-41 (DF-41) တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်လည်း ပါဝင်ခဲ့ပြီး ထိုဒုံးကျည်သစ်က နျူကလီးယားထိပ်ဖူး ၁၀ ခုအထိ သယ်ဆောင်နိုင်ကာ အမေရိကန်နိုင်ငံအတွင်း မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်ပါတယ်။

(Photo: Greg Baker/AFP)

တရုတ်အစိုးရသတင်းဌာနက Xinhua ရဲ့ အဆိုအရ DF-41 ဒုံးကျည်တွေဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယားစွမ်းရည်မှာ အဓိကပါဝင်နေကြောင်း သိရပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ နောက်ထပ် ပါဝင်လာတဲ့ အဓိက စစ်လက်နက်တစ်မျိုးကတော့ JL-2 ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ အဆိုပါ ဒုံးကျည်ကို ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်ပါတယ်။

JL-2 ပဲ့ထိန်းဒုံးကျည်ရဲ့ ရောက်ရှိနိုင်မှု အကွာအဝေးဟာ မိုင်ပေါင်း ၄,၉၇၀ အထိဖြစ်ရာ ထိုအကွာအဝေးအရ အလက်စကာနဲ့ အမေရိကန်အနောက်ပိုင်း ပြည်နယ်များအထိ ရောက်ရှိနိုင်မှာလည်း ဖြစ်ပါတယ်။

(Photo: Greg Baker/AFP)

ထို့အတူ တရုတ်နိုင်ငံ DF-100 ခရုစ်ဒုံးကျည်သစ်တစ်မျိုးကိုလည်း ယနေ့ စစ်ရေးပြအခမ်းအနားမှာ ပြသသွားခဲ့ပြီး ထိုဒုံးကျည်ဟာ အသံထက်မြန်ပြီး လေယာဉ်တင်စစ်သင်္ဘောတွေကို ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ တရုတ်စစ်တပ်ရဲ့ တာတိုမှတာလတ်အထိ ပစ်လွှတ်နိုင်တဲ့ DF-17 ဒုံးကျည်ကိုလည်း စစ်ရေးပြအခမ်းအနားမှာ ပြသခဲ့တာတွေ့ရပါတယ်။

DF-17 ဒုံးကျည်ဟာ အသံထက်မြန်ပြီး အလွန်မြင့်တဲ့နေရာမှ ပစ်လွှတ်နိုင်ကာ ဒုံးကျည်လာရာ လမ်းကြောင်းကို ခန့်မှန်းထောက်လှမ်းရခက်ကြောင်း သိရပါတယ်။ တရုတ်အစိုးရက ပြသခဲ့တဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေအနက် WZ-8 ဒရုန်းကိုလည်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြသသွားခဲ့ပြီး အဆိုပါ ဒရုန်းဟာ အသံထက်မြန်ပြီး လေယာဉ်တစ်စီးဖြင့် သယ်ဆောင်ဖြန့်ကျက်နိုင်ခြေရှိပါတယ်။

(Photo: Greg Baker/AFP)

ဒါ့အပြင် ယနေ့စစ်ရေးပြအခမ်းအနားအတွင်း အကြမ်းဖက်သမား တန်ပြန်တိုက်ဖျက်မှု ချေမှုန်းရေးယာဉ်များ၊ ဆူပူအုံကြွမှု နှိမ်နင်းရေး သံချပ်ကာယာဉ်များနဲ့ မျိုးဆက်သစ် တိုက်ပွဲဝင် 99A တင့်ကားများကိုလည်း ပြသခဲ့ပါတယ်။ Xinhua သတင်းဌာနရဲ့ အဆိုအရ ယခု ပြသခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အသစ်များဖြစ်ပြီး အားလုံးကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကိုသာ လိုလားကြောင်းနဲ့ တပ်ဖွဲ့ဝင် နှစ်သန်းရှိတဲ့ PLA က ကမ္ဘာ့ငြိမ်းချမ်းရေး အခိုင်အမာ ထိန်းသိမ်းသွားမယ်လို့ စစ်ရေးပြအခမ်းအနား အဖွင့်မိန့်ခွန်းအတွင်း သမ္မတရှီကျင်းပင်က ပြောကြားသွားခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က