ပြေးလမ်းချော်သွားတဲ့ လေယာဉ်ငယ်က ရဟတ်ယာဉ်နှစ်စီးကို ဝင်တိုက်ခဲ့ပါတယ်။

ဧဝရတ်တောင်အနီး လေဆိပ်ကနေ ပျံတက်နေစဉ် လေယာဉ်ငယ်တစ်စီး ပြေးလမ်းချော်မှုအတွင်း လူသုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AFP)

ယနေ့ (ဧပြီ ၁၄ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း ပြေးလမ်းချော်သွားတဲ့ လေယာဉ်ငယ်က ရဟတ်ယာဉ်နှစ်စီးကို ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ငယ်ဟာ ဧဝရတ်တောင် နယ်မြေကိုသွားရောက်ရန် အဓိကနေရာဖြစ်တဲ့ Lukla လေဆိပ်ကနေ ပျံသန်းထွက်ခွာစဉ် ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ လေယာဉ်ကွင်းဟာ လေယာဉ်အတက်အဆင်း အခက်ခဲဆုံး ကမ္ဘာ့လေယာဉ်ကွင်းတွေအနက် တစ်ခုဖြစ်ပါတယ်။

(Photo: Kathmandu Post)

ယခု မတော်တဆမှုအတွင်း နီပေါမြို့တော် ခတ္တမန္ဒူသို့ပျံသန်းတဲ့ Summit Air လေကြောင်းလိုင်းပိုင် Let-410 လေယာဉ်ရဲ့ တွဲဖက်လေယာဉ်မှူးနဲ့ မြေပြင်မှာရှိနေတဲ့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးတို့ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပါတယ်။ နောက်ထပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ခတ္တမန္ဒူမြို့ရှိ ဆေးရုံမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့ပါတယ်။

(Photo: AFP)

"လေယာဉ်က ပျံတက်ဖို့လုပ်နေတုန်းမှာ ပြေးလမ်းချော်သွားပြီး ရဟတ်ယာဉ်နှစ်စီးနဲ့ ဝင်တိုက်မိခဲ့တယ်၊ ဒဏ်ရာရသူတွေကိုတော့ ဆေးကုသဖို့အတွက် ခတ္တမန္ဒူကို ပို့ထားပါတယ်၊ ဒီ မတော်တဆမှု ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သေချာ မသိရသေးပါဘူး" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Adhikari က ပြောပါတယ်။

(Photo: Kathmandu Post)

သတင်းဓာတ်ပုံတွေအရ အခင်းဖြစ်နေရာမှာ လေယာဉ်ငယ်နဲ့ ရဟတ်ယာဉ်တွေရဲ့ အပျက်အစီးတွေကို တွေ့ရပါတယ်။ ဧဝရတ်တောင်တက်ကြမယ့် ထောင်နဲ့ချီတဲ့ တောင်တက်သမားတွေက Lukla လေဆိပ်ကို နှစ်စဉ် အသုံးပြုနေကြကြောင်း AFP သတင်းက ပြောပါတယ်။ ဧဝရတ်တောင်တက် ရာသီကာလစတင်တဲ့ ဧပြီလမှာ လေဆိပ်အသုံးပြုမှု သိသာစွာ တိုးမြင့်လာလေ့ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က