ပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် လူ ၁၁၀ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးကြောင့် လူ ၁၉၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

(Photo: AFP/Getty Images)

အင်္ဂါနေ့ (ဩဂုတ် ၄ ရက်) ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်က ဘေရွတ်ဆိပ်ကမ်းမှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် လူဦးရေ ရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး အများအပြားဟာ နိုင်ငံခြားသား အလုပ်သမားများ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး Marwan Abboud က ဆိုပါတယ်။



ဆိပ်ကမ်းကုန်လှောင်ရုံမှာ ဘေးကင်းလုံခြုံစွာ သိုလှောင်မထားခဲ့တဲ့ အမိုနီယံနိုက်ထရိတ် (ammonium nitrate) တန်ချိန် ၂,၇၅၀ ကြောင့် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း လက်ဘနွန်အစိုးရက ထုတ်ပြန်ပြောကြာားထားပါတယ်။ အလွန်ကြီးမားတဲ့ အဆိုပါ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဘေရွတ်မြို့မှာ ဆန္ဒပြအဓိကရုဏ်းများ ပေါ်ပေါက်နေခဲ့ပါတယ်။



(Photo: EPA)

ယမန်နေ့ (ဩဂုတ် ၉ ရက်) ညပိုင်းက ဘေရွတ်မှာ ဒုတိယမြောက်ညအဖြစ် ဆန္ဒပြအဓိကရုဏ်းတွေ ဆက်လက် ပေါ်ပေါက်နေခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အစိုးရကို ဒေါသတကြီး ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပြီး‌နောက် လက်ဘနွန်အစိုးရအဖွဲ့မှ ဝန်ကြီးသုံးဦး နုတ်ထွက်ခဲ့ပြီး လွှတ်တော်အမတ်တွေက ဆန္ဒပြသူတွေကို ဖျောင်းဖျခဲ့ပေမဲ့လည်း ဒေါသတကြီး ဆန္ဒပြမှုတွေကို အဆုံးမသတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

သတင်းတွေအရ ဘဏ္ဍာရေးဝန်ကြီး Ghazi Wazni ကလည်း ဝန်ကြီးချုပ် Hassan Diab နဲ့ ပေါက်ကွဲမှုကြီးအပြီး အကျပ်အတည်းကိစ္စ အစည်းအဝေးမတိုင်မီ နုတ်ထွက်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်ပြီး လက်ဘနွန်အစိုးရအဖွဲ့ နုတ်ထွက်ကြောင်းကို ဝန်ကြီးချုပ် Hassan Diab က ကြေညာသွားရန်ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဆိုပါတယ်။


(Photo: AP)

ဆိပ်ကမ်းဧရိယာ ပေါက်ကွဲမှုကြီးဖြစ်ပွားစေခဲ့တဲ့ ဓာတုပစ္စည်းတွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က သင်္ဘောတစ်စီးမှ သိမ်းဆည်းရမိခဲ့ပြီး ကုန်လှောင်ရုံထဲမှာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက ရွှေ့ပြောင်းခြင်းမပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူအရေအတွက်ဟာ လက်ရှိမှာ ၁၉၀ ဦးသို့ မြင့်တက်လာခဲ့ပြီး လူ ၁၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး Marwan Abboud ကို ကိုးကားပြီး al-Marsad အွန်လိုင်းသတင်းဝက်ဘ်ဆိုက် ဖော်ပြပါတယ်။

Marwan Abboud က Al Jadeed ရုပ်မြင်သံကြားသတင်းဌာနကို ပြောကြားမှုအရ ပျောက်ဆုံးနေသူတွေအနက် နိုင်ငံခြားသား အလုပ်သမားနဲ့ ကုန်တင်ယာဥ်မောင်း အများအပြား ပါဝင်နေတယ်လို့ ဆိုပါတယ်။ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်တစ်မြို့လုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ပြီး ဆိပ်ကမ်းဧရိယာပေါ်မှာ မှိုပွင့်ပုံစံ မီးခိုးလုံးကြီးကို တွေ့မြင်ခဲ့ရပါတယ်။

(Photo: EPA)

ပေါက်ကွဲမှုကြောင့် လူဦးရေ ၆,၀၀၀ ကျော် ဒဏ်ရာရပြီး နေအိမ်နဲ့ အဆောက်အအုံ အများအပြာ ပျက်စီးခဲ့ပြီး လူဦးရေ သိန်းနဲ့ချီ နေအိမ်ဆုံးရှုံးခဲ့ပါတယ်။ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီးကြောင့် အပျက်အစီး တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး လက်ဘနွန်ရဲ့ စီးပွားရေးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၁၅ ဘီလီယံ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။

နိုင်ငံတကာမှ အလှူရှင်နိုင်ငံနဲ့ အဖွဲ့အစည်းတွေကတော့ လက်ဘနွန်ကို ဒေါ်လာ ၂၉၇ သန်း တန်ဖိုးရှိ အကူအညီများ ပေးသွားမယ်လို့ ယမန်နေ့မှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဦးဆောင်ပြုလုပ်ခဲ့တဲ့ အွန်လိုင်းထိပ်သီးညီလာခံအတွင်း ကတိပြုထားကြပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ဟာ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ ဘေရွတ်ဆိပ်ကမ်းနေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

.

Share

Loading Next Article...
က္က