ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာအနီးရှိ အဆောက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ အလွန်ကြီးမားတဲ့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅၈ ဦး သေဆုံးပြီး လူဦးရေ ၆,၀၀၀ ဒဏ်ရာရခဲ့ကာ အနီးအနားရှိ အဆောက်အအုံများ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။

(Photo: AFP via Getty Images)

ဒေသစံတော်ချိန် ဩဂုတ် ၄ ရက်နေ့ ညနေ ၆ နာရီကျော်မှာ ပထမဆုံး ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း နောက်ထပ် ပိုမိုကြီးမားတဲ့ ပေါက်ကွဲမှုကြီး ထပ်ဖြစ်ခဲ့တယ်လို့ ရုရှားသတင်းဌာနက RT က ဖော်ပြပါတယ်။ ပေါက်ကွဲမှုကြီးတွေဖြစ်ပြီးနောက် ဆေးရုံတွေမှာ ဒဏ်ရာရသူတွေ ပြည့်နေခဲ့ကြောင်း လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ်နဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။



(Photo: Reuters)

ပေါက်ကွဲမှုကြီးတွေကြောင့် အနီးအနားရှိ အဆောက်အအုံများ ငလျင်လှုပ်သကဲ့သို့ တုန်ခါမှုဖြစ်သွားခဲ့ပြီး ဝရန်တာများ ပြိုကျသွားမှု အပါအဝင် အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှု အရေအတွက်ကို လက်ဘနွန် ကျန်းမာရေးဝန်ကြီး Hamad Hassan က ပြောကြားခဲ့တာဖြစ်ပြီး ရုပ်မြင်သံကြားသတင်းဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ဘေရွတ်ဆိပ်ကမ်း အုပ်ချုပ်ရေးမှူးက Sky News ကို ပြောကြားမှုအရ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာရှိ မီးသတ်သမားအဖွဲ့တစ်ဖွဲ့ အပါအဝင် လူ ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

(Photo: EPA)

လက်ဘနွန် အစိုးရသတင်းဌာန NNA နဲ့ လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုရဲ့ အဆိုအရ ပေါက်ကွဲမှုတွေဟာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းများ သိုလှောင်ထားရှိတဲ့ ကုန်လှောင်ရုံများရှိရာ ဆိပ်ကမ်းနယ်မြေအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လတ်တ‌လောမှာတော့ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။

လက်ဘနွန် ပြည်ထဲရေးဝန်ကြီး Mohammed Fahmi ကတော့ ဆိပ်ကမ်းကုန်လှောင်ရုံတစ်ခုအတွင်း သိုလှောင်ထားတဲ့ တန်ချိန်ထောင်နဲ့ချီတဲ့ အမိုနီယံနိုက်ထရိတ် (ammonium nitrate) ကြောင့် ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ပုံရတယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲသတင်းအရ ပေါက်ကွဲကြီးဖြစ်ပွားခဲတဲ့ ဘေရွတ်ဆိပ်ကမ်းမှ တာဝန်ရှိသူတွေကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း လက်ဘနွန်အစိုးရက ပြောပါတယ်။

(Photo: Reuters)

အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းအရ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကနေ ကြီးမားတဲ့ မှိုပွင့်ပုံစံ မီးခိုးလုံးကြီး ထွက်‌ပေါ်နေခဲ့ပြီး အဆောက်အအုံများ ပျက်စီးနေတာ တွေ့ရပါတယ်။ ဘေရွတ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ၎င်းတိုနဲ့ မသက်ဆိုင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ထို့အတူ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုကလည်း ၎င်းတို့ရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က