ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် ပြည်သူလူထုက ဒေါသတကြီး ဆန္ဒပြမှုတွေ ရှိလာခဲ့ပါတယ်။

ဘေရွတ်မြို့မှာ အကြီးအကျယ် ပျက်စီးစေခဲ့တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် အစိုးရအဖွဲ့ နုတ်ထွက်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ် Hassan Diab က ဩဂုတ် ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

(ဝန်ကြီးချုပ်က အစိုးရအဖွဲ့ နုတ်ထွက်ကြောင်း ကြေညာစဥ်) (Photo: Sky News)

ဘေရွတ်မြို့ ဆိပ်ကမ်းဧရိယာမှာ ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် ပြည်သူလူထုက ဒေါသတကြီး ဆန္ဒပြမှုတွေရှိခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဆက်တိုက် နုတ်ထွက်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ ပေါက်ကွဲမှုကြီးနဲ့ဆက်စပ်ပြီး ၎င်းရဲ့ လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်လိုက်ကြောင်း ဝန်ကြီးချုပ် Hassan Diab က ကြေညာခဲ့တာဖြစ်ပါတယ်။



ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်က ဘေရွတ်ဆိပ်ကမ်း ကုန်လှောင်ရုံတစ်ခုမှာ သိုလှောင်ထားရှိတဲ့ အမိုနီယံနိုက်ထရိတ် တန်ချိန် ၂,၇၅၀ ကျော် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ လူ ၂၀၀ ကျော် သေဆုံးပြီး ၆,၀၀၀ ကျော် ဒဏ်ရာရရှိကာ နောက်ထပ် လူ ၁၁၀ ဦး ပျောက်ဆုံးနေကြောင်း အုပ်ချုပ်ရေးမှူး Marwan Abboud ကို ကိုးကားပြီး al-Marsad အွန်လိုင်းသတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

(ဆူပူအုံကြွဆန္ဒပြမှု မြင်ကွင်းတစ်ခု) (Photo: Sky News)

ပျောက်ဆုံးနေသူတွေအနက် နိုင်ငံခြားသား အလုပ်သမားနဲ့ ကုန်တင်ယာဥ်မောင်း အများအပြား ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဆိပ်ကမ်းနေရာမှာ အလွန်ကြီးမားတဲ့ ဘေရွတ်တစ်မြို့လုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ပြီး အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခု နုတ်ထွက်သွားတဲ့ လက်ဘနွန်အစိုးရကို ဇန်နဝါရီလအတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဩဂုတ် ၁၀ ရက်နေ့မှာ အစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်ခဲ့ရာ ပေါက်ကွဲမှုကြီးနဲ့ဆက်စပ်ပြီး ဝန်ကြီးအများအပြားက နုတ်ထွက်လိုခဲ့ကြောင်း နိုင်ငံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဝန်ကြီးချုပ် Hassan Diab က အစိုးရအဖွဲ့ နုတ်ထွက်ကြောင်းကို မကြာမီ ကြေညာသွားမယ်လို့ ကျန်းမာရေးဝန်ကြီး Hamad Hasan က အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

(ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည့်နေရာ) (Photo: Sky News)

ဝန်ကြီးချုပ်ရုံးကလည်း ဩဂုတ် ၁၀ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ ဝန်ကြီးချုပ်က နိုင်ငံကို မိန့်ခွန်းတစ်ရပ် ပြောကြားသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဆိပ်ကမ်းပေါက်ကွဲမှုကြီးနဲ့ ဆက်စပ်ပြီး ပြန်ကြားရေးနဲ့ သဘာဝပတ်ဝန်ကျင်း ဝန်ကြီးတို့ ဩဂုတ် ၉ ရက်နေ့မှာ နုတ်ထွက်ခဲ့ပြီးဖြစ်သလို လွှတ်တော်အမတ်များ နုတ်ထွက်မှုလည်းရှိခဲ့ပါတယ်။

ထို့အတူ တရားရေးဝန်ကြီးကလည်း ဩဂုတ် ၁၀ ရက်နေ့မှာ နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် Hassan Diab က လွှတ်တော်ရွေးကောက်ပွဲများ စောပြီးကျင်းပပြုလုပ်ရန် ပန်ကြားသွားမယ်လို့ ဩဂုတ် ၈ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဘေရွတ်မြို့မှာ ဆန္ဒပြအဓိကရုဏ်းများလည်း ပေါ်ပေါက်နေခဲ့ပါတယ်။

(ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည့် နေရာတဝိုက် မြင်ကွင်း) (Photo: Reuters)

ပေါက်ကွဲမှုကြီးဖြစ်ပွားစေခဲ့တဲ့ ဓာတုပစ္စည်းတွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က သင်္ဘောတစ်စီးမှ သိမ်းဆည်းရမိခဲ့ပြီး ကုန်လှောင်ရုံထဲမှာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက ရွှေ့ပြောင်းခြင်းမပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဘေရွတ်ဆိပ်ကမ်းမှာ သိုလှောင်ထားတဲ့ အမိုနီယံနိုက်ထရိတ် တန်ချိန် ၂,၇၅၀ ဟာ လုံခြုံရေးအန္တရာယ်ရှိကြောင်းနဲ့ ပေါက်ကွဲခဲ့ပါက မြို့တော်ကို ဖျက်ဆီးပစ်နိုင်ကြောင်း လက်ဘနွန် လုံခြုံရေးတာဝန်ရှိသူတွေက ဇူလိုင်လအတွင်း ဝန်ကြီးချုပ်နဲ့ သမ္မတကို သတိပေးထားခဲ့တယ်လို့ Reuters သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့တဲ့ စာရွက်စာတမ်းနဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေအရ သိရှိရပါတယ်။

(ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည့် ဆိပ်ကမ်းနေရာ) (Photo: Reuters)

ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီးကြောင့် အပျက်အစီး တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး လက်ဘနွန်ရဲ့ စီးပွားရေးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၁၅ ဘီလီယံ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ နိုင်ငံတကာမှ အလှူရှင်နိုင်ငံနဲ့ အဖွဲ့အစည်းတွေကတော့ လက်ဘနွန်ကို ဒေါ်လာ ၂၉၇ သန်း တန်ဖိုးရှိ အကူအညီများ ပေးသွားမယ်လို့ ယမန်နေ့မှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဦးဆောင်ပြုလုပ်ခဲ့တဲ့ အွန်လိုင်းထိပ်သီးညီလာခံအတွင်း ကတိပြုထားကြပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ဟာ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ ဘေရွတ်ဆိပ်ကမ်းနေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

Source: CNA, Sky News, The Telegraph

Share

Loading Next Article...
က္က