ဂျူးဘုရားကျောင်းအပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ko John

ဂျာမနီနိုင်ငံ အရှေ့ပိုင်း Halle မြို့ရှိ ဂျူးဘုရားကျောင်းအပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၉ ရက်) ပြောပါတယ်။

(ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတစ်ဦး) (Photo: AP)

"ကျွန်တော်တို့ တပ်ဖွဲ့တွေက လူတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်၊ ဒါပေမဲ့ တပ်ဖွဲ့တွေကို အသင့်အနေထား တပ်လှန့်ထားတုန်းပါပဲ၊ Halle နဲ့ အနီးတဝိုက်မှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ချထားပြီး သက်ဆိုင်တဲ့ သတင်းအချက်အလက်အားလုံးရတဲ့အထိ အခြေအနေတည်ငြိမ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ Halle ရဲတပ်ဖွဲ့က Twitter မှာ ရေးထားပါတယ်။ နောက်ထပ် လူတစ်ဦးထက်မနည်း ပစ်ခတ်မှုဖြစ်ပွားရာနေရာမှ ကားဖြင့်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

(သေနတ်သမားကို တွေကရစဉ်) (Photo: Daily Mail)

ယနေ့ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အခြား လူနှစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူနေရကြောင်း Halle တက္ကသိုလ်ဆေးရုံမှ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ မျက်မြင်တွေရဲ့ ပြောကြားမှုအရ စစ်တပ်ပုံစံ ဝတ်စုံဝတ်ဆင်ထားတဲ့ အနည်းဆုံး သေနတ်သမားတစ်ဦးက လက်နက်အချို့ ကိုင်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ Halle မြို့နဲ့ ၉ မိုင်အကွာရှိ Landsberg မြို့မှာလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဂျာမန်သတင်းတွေက ဆိုပါတယ်။

(သေနတ်သမားက ပစ်ခတ်နေစဉ်) (Photo: Reuters)

အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး မြို့နှစ်မြို့လုံးရှိ မြို့ခံတွေကို ၎င်းတို့နေအိမ်များအတွင်းမှာသာ နေထိုင်ကြရန် အာဏာပိုင်တွေက ပြောထားပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အရေးကြီးအမှုကိစ္စဖြစ်တာကြောင့် ၎င်းတို့ လွှဲပြောင်းရယူဆောင်ရွက်နေကြောင်း ဂျာမန်ဗဟိုစုံစမ်းစစ်ဆေးရေးမှ ပြောခွင့်ရအမျိုးသားက AFP ကို ပြောပါတယ်။ ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦးဟာ တူရကီအသားကင်ဆိုင်မှာ သေဆုံးခဲ့တယ်လို့ Halle ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Ralf Karlstedt က ဆိုပါတယ်။

(ပစ်ခတ်ခဲ့သည့် သေနတ်သမား) (Photo: Reuters)

ဒုတိယ သေဆုံးသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဂျူးသုဿန်နဲ့ ဘုရားကျောင်းအနီး လမ်းမတစ်ခုပေါ်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ပြေးသွားကြောင်း ယုံကြည်ရသူ အနည်းဆုံးတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။ Halle မြို့မှာ ပစ်ခတ်မှုကို အမေရိကန်နည်းပညာကုမ္ပဏီ Amazon ရဲ့ Twitch ဗီဒီယိုထုတ်လွှင့်မှုဝက်ဘ်ဆိုက်မှာ ၃၅ မိနစ်ကြာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး လူ ၂,၂၀၀ ခန့် မြင်တွေ့ကြည့်ရှုခဲ့ရတယ်လို့ ဆိုပါတယ်။



က္က