ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် ခရိုင်တစ်ခုလုံးကို lockdown ပြန်သတ်မှတ်ခဲ့ရပါတယ်။
Ko John

ဂျာမနီမှာ COVID-19 ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် ခရိုင်တစ်ခုလုံးကို lockdown ပြန်သတ်မှတ်ရမှု ပထမဆုံးအကြိမ်ရှိလာကြောင်း သိရပါတယ်။

(Photo: EPA)

အသားထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ အလုပ်သမား ၁,၅၀၀ ကျော် COVID-19 ကူးစက်ခံရပြီးနောက် North Rhine-Westphalia ပြည်နယ် Guetersloh ခရိုင်တစ်ခုလုံးကို lockdown ပြန်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ "ဂျာမနီမှာ ပထမဆုံးအကြိမ်အဖြစ် ခရိုင်တစ်ခုလုံးကို လွန်ခဲ့တဲ့ သီတင်းပတ်တွေမှာ သတ်မှတ်ထားခဲ့တဲ့ lockdown အစီအမံတွေ ပြန်ထားရှိသွားမှာပါ" လို့ North Rhine-Westphalia ပြည်နယ်ဝန်ကြီးချုပ် Armin Laschet က ပြောပါတယ်။

Guetersloh ခရိုင်ရှိ လူဦးရေ ၃၆၀,၀၀၀ ဟာ lockdown အစီအမံမှာ အကျုံးဝင်ကြောင်းနဲ့ အနည်းဆုံး ဇွန် ၃၀ ရက်နေ့အထိ သတ်မှတ်ထားမယ်လို့ ဆိုပါတယ်။ Guetersloh ခရိုင်အတွင်း Rheda-Wiedenbrueck မြို့ရှိ အလုပ်သမား ၇,၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေကြတဲ့ Tönnies သားသတ်ရုံမှာ COVID-19 ကူးစက်ဖြစ်ပွားမှုအသစ်များ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

(Photo: Reuters)

တနင်္ဂနွေနေ့ (ဇွန် ၂၁ ရက်) အထိ အဆိုပါ သားသတ်ရုံမှ ကူးစက်ခံရသူတွေအနက် ၂၁ ဦးကို ဆေးရုံတင်ထားရပြီး ခြောက်ဦးဟာ အထူးကြပ်မတ်ကုသခန်းမှာ ကုသမှုခံယူနေရပါတယ်။ ဂျာမနီရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်မှာ ယခုတွေ့ရှိရတဲ့ ကူးစက်ဟာ နိုင်ငံအတွင်း lockdown အစီအမံတွေကို မေလအစောပိုင်းမှာ စတင်ရုပ်သိမ်းခဲ့ပြီးနောက် အကြီးဆုံးလည်း ဖြစ်ပါတယ်။

နောက်ဆက်တွဲ သတင်းတွေအရ Guetersloh နဲ့ အနီးအနားရှိ Warendorf ခရိုင်ကိုလည်း အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown ပြန်လုပ်ထားကြောင်း သိရပါတယ်။ သားသတ်ရုံတွေမှာ COVID-19 ကူးစက်မှုတွေကို ဂျာမနီမှာတင်မဟုတ်ဘဲ ပြင်သစ်နိုင်ငံမှာလည်း တွေ့ရှိထားရပြီး အလုပ်သမားတွေ အလုပ်လုပ်ကိုင်ရမှုနဲ့ နေထိုင်ရမှု အခြေအနေတွကို မီးမောင်းထိုးပြမှု ဖြစ်ခဲ့ပါတယ်။

(Photo: Getty Images)

သားသတ်ရုံ အလုပ်သမား အများအပြားဟာ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့မှ ဖြစ်တယ်လို့ဆိုပါတယ်။ ဂျာမနီမှာ COVID-19 ကူးစက်မှုအသစ် အစုအဝေးတွေကို Lower Saxony နဲ့ ဘာလင်ရှိ လူနေအဆောက်အအုံတွေမှာလည်း တွေ့ရှိထားပါတယ်။ ထိုအဆောက်အအုံတွေမှာ နေထိုင်ကြတဲ့ မိသားစု ၃၇၀ ကို အသွားအလာ ကန်သတ့်စောင့်ကြည်ထားကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။ ယနေ့အထိ စာရင်းတွေအရ ဂျာမနီနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၉၂,၀၀၀ ကျော်၊ သေဆုံးသူ ၈,၉၆၉ ဦးနဲ့ ပြန်လည်သက်သာသူ ၁၇၅,၃၀၀ ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က