ယမန်နှစ်အတွင်း ဂျာနယ်လစ် ဂျမဲလ်ခါရှော့ဂီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ တရားရုံးက လူငါးဦးကို သေဒဏ်ချမှတ်လိုက်ပြီး အခြား သုံးဦးကို ထောင်ဒဏ် ၂၄ နှစ်စီ ချမှတ်လိုက်ပါတယ်။
(Photo: Reuters)
တရားရုံးမှာ စွဲချက်တင် ကြားနာစစ်ဆေးခံရသူ နောက်ထပ် သုံးဦးကိုတော့ တရားသေလွှတ်ပေးလိုက်ကြောင်း သိရပါတယ်။ တရားသေလွှတ်ပေးလိုက်သူ သုံးဦးအနက် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆဲလ်မန်းရဲ့ ထိပ်တန်းလက်ထောက်နှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဆော်ဒီအစိုးရကို ဝေဖန်သူတစ်ဦးအဖြစ် လူသိများထင်ရှားတဲ့ ဂျာနယ်လစ်ခါရှော့ဂီကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီထောက်လှမ်းရေး အေးဂျင့်အဖွဲ့တစ်ဖွဲ့က သတ်ပစ်ခဲ့တာဖြစ်ပါတယ်။ ထိုလူသတ်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီအစိုးရရှေ့နေက အမည်မဖော်ပြထားသူ ၁၁ ဦးကို စွဲချက်တင်ခဲ့ပါတယ်။
(ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်း) (Photo: AP)
ခါရှော့ဂီ အသတ်ခံရမှုဟာ ဥပဒေကျော်လွန် ကွပ်မျက်မှုတစ်ခုဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူတစ်ဦးက ကောက်ချက်ချခဲ့ပါတယ်။ ပြင်သစ်လူမျိုး လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူနဲ့ ဥပဒေကျော်လွန် စီရင်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိ Agnes Callamard က ခါရှော့ဂီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပါတယ်။
ဘင်ဆဲလ်မန်းကတော့ ထိုကိစ္စမှာ တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ သို့သော် ဆော်ဒီခေါင်းဆောင်တစ်ဦးအနေနဲ့ ခါရှော့ဂီအသတ်ခံရမှုအပေါ် အပြည့်အဝ တာဝန်ယူကြောင်း အောက်တိုဘာလအတွင်း အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းက ပြောခဲ့ပါတယ်။
(အသတ်ခံရသည့် ဂျာနယ်လစ်ခါရှော့ဂီ) (Photo: Hasan Jamali/AP)
ဆော်ဒီအစိုးရအတွက် အလုပ်လုပ်နေသူတွေက ထိုလူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် ၎င်းက ထိုသို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအမှုကို တံခါးပိတ် ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိခဲ့ကြောင်းနဲ့ ဆော်ဒီအာဏာပိုင်တွေက လေးနက်တဲ့ တာဝန်ခံမှု တာဝန်ယူမှု အနှောင့်အယှက်ပြုခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောပါတယ်။
ခါရှော့ဂီ ဘယ်လို အသတ်ခံခဲ့ရလဲ?
အမေရိကန်အခြေစိုက် အသက် ၅၉ နှစ်အရွယ် ဂျာနယ်လစ်ခါရှော့ဂီဟာ ဝါရှင်တန်ပို့စ်သတင်းစာအတွက် ပင်တိုင်ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ၎င်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့တာ နောက်ဆုံးမြင်တွေ့ခဲ့ရပါတယ်။
(ဆော်ဒီကောင်စစ်ဝန်ရုံးသို့ ခါရှော့ဂီ ဝင်ရောက်သွားခဲ့စဥ် နောက်ဆုံးမြင်တွေ့ရမှု) (Photo: The Times)
ခါရှော့ဂီက ၎င်းရဲ့ချစ်သူ Hatice Cengiz နဲ့ လက်ထပ်ရန် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သွားယူခဲ့တာဖြစ်ပါတယ်။ တူရကီထောက်လှမ်းရေးတွေ ဖမ်းယူထားတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှ အသံဖိုင်ကို နားထောင်ခဲ့ပြီးနောက် ဂျာနယ်လစ်ခါရှော့ဂီဟာ ထိုနေ့မှာ လူမဆန်စွာဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ အထူးအရာရှိ Agnes Callamard က ကောက်ချက်ချခဲ့ပါတယ်။
ခါရှော့ဂီကို စည်းရုံးဖျောင်းဖျပြီး နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာရန်၊ မအောင်မြင်ပါက အတင်းအကျပ် အင်အားသုံးဆောင်ရွက်ရန် ဆော်ဒီထောက်လှမ်းရေး လက်ထောက်အကြီးအကဲက စေ့စပ်ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ကို အစ္စတန်ဘူလ်သို့ စေလွှတ်ခဲ့ပါတယ်။ ခါရှော့ဂီကိုသတ်ရန် ထိုအဖွဲ့ခေါင်းဆောင်က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီအစိုးရ လက်ထောက်ရှေ့နေချုပ် Shalaan al-Shalaan က သတင်းထောက်တွေကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ပြောခဲ့ပါတယ်။
(ဆော်ဒီအစိုးရ လက်ထောက်ရှေ့နေချုပ် Shalaan al-Shalaan) (Photo: Saudi Press Agency)
ခါရှော့ဂီအမှုကို စုံစမ်းစစ်ဆေးမှုအရ ၎င်းဟာ အင်အားသုံး ထိန်းသိမ်းခံရပြီးနောက် ဆေးတစ်မျိုးကို ပမာဏအများအပြား ထိုးသွင်းခံခဲ့ရမှုကြောင့် ဆေးလွန်သေဆုံးခဲ့ကြောင်း ကောက်ချက်ချခဲ့တယ်လို့ Shalaan က ဆိုပါတယ်။ ထို့နောက် ခါရှော့ဂီရဲ့အလောင်းကို အမျိုးသား ၁၅ ဦးပါ ဆော်ဒီအေးဂျင့်အဖွဲ့က အပိုင်းပိုင်းဖြတ်တောက်ပြီး ဆော်ဒီထောက်လှမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်နေသူ အစ္စတန်ဘူလ်ဒေသခံတစ်ဦးထံ ကောင်စစ်ဝန်ရုံးပြင်ပမှာ လွှဲပြောင်းပေးခဲ့ကြောင်း Shalaan က ဖြည့်စွက်ပြောခဲ့ပါတယ်။ ခါရှော့ဂီရဲ့ အလောင်းအစိတ်အပိုင်းတွေကိုတော့ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
ဘယ်သူတွေမှာ တာဝန်ရှိလဲ?
ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းဟာ ခါရှော့ဂီကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခဲ့ခြင်း မရှိကြောင်းလည်း လက်ထောက်ရှေ့နေချုပ် Shalaan က အခိုင်အမာ ပြောခဲ့ပါတယ်။ ဒါ့အပြင်း ခါရှော့ဂီ အသတ်ခံရမှုဟာ ကြိုတင်ကြံရွယ်ထားခြင်းမျိုး မဟုတ်ကြောင်းလည်း ၎င်းကဆိုပါတယ်။
(အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး) (Photo: Reuters)
ဂျာနယ်လစ်ခါရှော့ဂီ အသတ်ခံရမှုအတွက် ဆော်ဒီမှာ လူ ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး အမှုကိစ္စကို စုံစမ်းစစ်ဆေးမှုအတွင်း အကြီးတန်း အစိုးရအရာရှိငါးဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ ထုတ်ပယ်ခံရသူတွေအနက် ဆော်ဒီထောက်လှမ်းရေး လက်ထောက်အကြီးအကဲ Ahmad Asiri နဲ့ အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းရဲ့ အကြီးတန်းလက်ထောက်တစ်ဦးဖြစ်သူ Saud al-Qahtain တို့လည်း ပါဝင်ခဲ့ပါတယ်။
ယခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ ခါရှော့ဂီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၁ ဦးကို ရီယာ့ဒ်မြို့ရှိ ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှာ စွဲချက်တင် ကြားနာစစ်ဆေးခဲ့ပြီး အစိုးရရှေ့နေတွေက ၎င်းတို့အနက်မှ ငါးဦးကို သေဒဏ်ပေးရန် တောင်းဆိုခဲ့ပါတယ်။ စွဲချက်တင်ခံရသူတွေရဲ့ အချက်အလက်တွေကို ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ဖော်ပြခြင်း မရှိပါဘူး။
(ဥပဒေကျော်လွန် စီရင်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိ Agnes Callamard) (Photo: Press TV)
ကုလသမဂ္ဂ အထူးအရာရှိ Agnes Callamard ကတော့ သေဒဏ်ပေးခံရသူတွေဟာ Fahad Shabib Albalawi, Turki Muserref Alshehri, Waleed Abdullah Alshehri, ဘင်ဆဲလ်မန်းရဲ့ အကြီးတန်းလက်ထောက် Saud al-Qahtain အတွက် အလုပ်လုပ်ခဲ့သူ ထောက်လှမ်းရေးအရာရှိ Maher Abdulaziz Mutreb နဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှ မှုခင်းဆရာဝန် ဒေါက်တာ Salah Mohammed Tubaigy တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စွဲချက်တင်ခံရသူ အခြား ခြောက်ဦးမှာ Mansour Othman Abahussain, Mohammed Saad Alzahrani, Mustafa Mohammed Almadani, Saif Saad Alqahtani, ကောင်စစ်ဝန်ရုံးဝန်ထမ်း Muflih Shaya Almuslih နဲ့ ထောက်လှမ်းရေး လက်ထောက်အကြီးအကဲဟောင်း Ahmad Asiri တိုဖြစ်ကြောင်း သိရပါတယ်။
Source: CNN, BBC, The Guardian