အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရကြောင်း စစ်သွေးကြွတွေက ကြေညာပါတယ်။
Ko John

ဂါဇာကမ်းမြှောင်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွများကြား အပြန်အလှန်တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွာခဲ့ပြီးနောက် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့တယ်လို့ စစ်သွေးကြွတွေက ယနေ့ (မေ ၆ ရက်) ပြောပါတယ်။

(ဂါဇာကမ်းမြှောင်ကနေ အစ္စရေးဘက်သို့ ဒုံးကျည်ပစ်လွှတ်စဉ်) (Photo: Bashar Talib/Reuters)

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်များအတွင်း ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးနိုင်ငံအတွင်း ရာနဲ့ချီတဲ့ ဒုံးကျည်များပစ်လွှတ်ခဲ့ပြီး အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ တင့်ကားအမြှောက်ပစ်ခတ်မှုတို့ဖြင့် တုံ့ပြန်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း အစ္စရေးလေးဦးနဲ့ ပါလက်စတိုင်း ၂၃ ဦး သေဆုံးခဲ့ကြောင်းသိရပါတယ်။



ယခု အပစ်အခတ်ရပ်စဲထားရန် သဘောတူညီမှုရခဲ့ကြောင်းကို အစ္စရေးဘက်က လက်ရှိအချိန်အထိ အတည်ပြုခြင်းမရှိသေးဘူးလို့ BBC သတင်းမှာဖော်ပြပါတယ်။ ဂါဇာမှာ ပိတ်ဆို့မှုတွေကို သောကြာနေ့ (မေ ၃ ရက်) က ကန့်ကွက်ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုတွေ စတင်ပေါ်ပေါက်ခဲ့ပြီး အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။

(အစ္စရေးလေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့သည့်နေရာတစ်ခု) (Photo: AFP)

ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်စစ်သွေးကြွအုပ်စုရဲ့ ရုပ်မြင်သံကြားဌာနတစ်ခုက ယနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီ ၃၀ မိနစ်မှစပြီး အပစ်အခတ်ရပ်စဲရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ကြေညာပါတယ်။ ယခု အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ကုလသမဂ္ဂနဲ့ ကာတာနိုင်ငံတို့ရဲ့ အကူအညီဖြင့် ကြားဝင်ဆောင်ရွက်ခဲ့ကြောင်း အီဂျစ်နိုင်ငံက ပြောပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (Israel Defense Forces - IDF) ကတော့ သဘောတူညီမှုရရှိကြောင်း အတည်မပြုသေးပါဘူး။ ယနေ့ အစောပိုင်း IDF ရဲ့ ထုတ်ပြန်မှုအရ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း စစ်သွေးကြွတွေက အစ္စရေးတောင်ပိုင်းကို ဒုံးကျည်အစင်းရေ ၆၉၀ ပစ်လွှတ်ခဲ့ကြောင်းနဲ့ ၎င်းတို့အနက် ၂၄၀ ကို Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားခဲ့ကြောင်း သိရပါတယ်။

(အစ္စရေးလေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့သည့် ဟားမတ်စ်တပ်မှူးတစ်ဦးရဲ့ကား) (Photo: Reuters)

အဆိုပါ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်နဲ့ အစ္စလာမ်မစ်ဂျီဟတ်တို့ရဲ့ နေရာ ၃၅၀ ကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ IDF က ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူက အကြမ်းဖက်တွေရဲ့ နေရာတွေကို အကြီးအကျယ် ဆက်လက်တိုက်ခိုက်ရန် စစ်တပ်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့ (မေ ၅ ရက်) မှာ ပြောခဲ့ပါတယ်။

တိုက်ခိုက်မှုများဖြစ်ပွားနေစဉ် အစ္စရေးက ဂါဇာကမ်းမြှောင်နဲ့ ၂၅ မိုင် အကွာအဝေးအတွင်းရှိ စာသင်ကျောင်းတွေကို ပိတ်ထားပြီး အများပြည်သူ ခိုလှုံရန်နေရာအချို့ ဖွင့်လှစ်ပေးထားခဲ့ကြောင်းလည်း သိရပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း သတင်းထွက်ပေါ်လာတဲ့ ယနေ့မှာတော့ ဂါဇာကမ်းမြှောင်မှာ တိုက်ခိုက်မှုတွေမရှိဘဲ အခြေအနေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က