အစောပိုင်းမှာတော့ ဂျော့ဂျ်ရဲ့လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ ရဲအရာရှိကိုသာ စွဲချက်တင်ထားခဲ့ပါတယ်။

အမေရိကန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဥ်အတွင်း ရဲအရာရှိတစ်ဦးရဲ့ လုပ်ရပ်ကြောင့် လူမည်းအမျိုးသား သေဆုံးမှုနဲ့ ပတ်သက်ပြီး ပိုမိုပြင်းထန်တဲ့ စွဲချက်အသစ်ပြောင်းလဲလိုက်ကြောင်း ထိုဖြစ်ရပ် ဖြစ်ပွားစဥ် အတူရှိနေခဲ့တဲ့ ရဲအရာရှိအားလုံးကိုလည်း စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

(Photo: screengrab/AFP)

အစောပိုင်းမှာတော့ လူမည်းအမျိုးသားရဲ့ လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ ရဲအရာရှိတစ်ဦးတည်းကိုသာ စွဲချက်တင်ထားခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ၎င်းနဲ့အတူ ရှိနေခဲ့တဲ့ နောက်ထပ် ရဲအရာရှိ သုံးဦးကိုလည်း စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ငွေအတု ကိုင်တွယ်သုံးစွဲကြောင်း သတင်းနဲ့ဆက်စပ်ပြီး အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။



ထိုသို့ ဖမ်းဆီးခဲ့စဥ်အတွင်း လက်ထိပ်ခတ်ထားပြီးဖြစ်တဲ့ ဂျော့ဂျ်အား မြေပြင်ပေါ်လှဲချကာ ၎င်းရဲ့လည်ပင်းကို ရဲအရာရှိတစ်ဦးက ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့ပါတယ်။ ဂျော့ဂျ်က အသက်ရှူလို့မရတော့ကြောင်း တောင်းပန်ပြောကြားနေခဲ့တာကို အွန်လိုင်းမှာထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းအတွင်း မြင်တွေ့ကြားသိခဲ့ရပါတယ်။ သို့သော် အဆိုပါ ရဲအရာရှိက ဒူးခေါင်းဖြင့် ဆက်ဖိထားခဲ့ပြီးနောက် ဂျော့ဂျ် သေဆုံးသွားခဲ့ပါတယ်။

(Photo: CCTV screengrab/Al Jazeera)

ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲအရာရှိ လေးဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ကာ ဂျော့ဂျ်ရဲ့လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို တတိယဒီဂရီ လူသတ်မှုနဲ့ လူသေစေမှုတို့ဖြင့် စွဲချက်တင်ထားခဲ့ပါတယ်။ ယခုအခါမှာတော့ ရဲအရာရှိ Derek Chauvin ကို စွဲချက်တင်ထားတဲ့ လူသတ်မှုအား ဒုတိယဒီဂရီ လူသတ်မှုအဖြစ် တိုးမြှင့်လိုက်ပါတယ်။

ထို့အတူ အစောပိုင်းမှာ အလုပ်ထုတ်ခဲ့ပြီး စွဲချက်မတင်ထားခဲ့တဲ့ အခြား ရဲအရာရှိ သုံးဦးကိုလည်း လူသတ်မှုမှာ အားပေးကူညီမှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ဇွန် ၁ ရက်နေ့က ဂျော့ဂျ်ရဲ့အလောင်းကို တရားဝင် စစ်ဆေးခဲ့မှုအရ ဂျော့ဂျ်သေဆုံးမှုဟာ လူသတ်မှုတစ်ခုဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ပါတယ်။

(Photo: Hennepin County Jail/AFP)

ဂျော့ဂျ်ဖြစ်ရပ်ဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံတစ်ဝှမ်းမှာလည်း ထိုဖြစ်ရပ်အပေါ် မကျေနပ်ကြဘဲ ဆန္ဒပြမှု ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီး မြို့အများအပြားမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားခဲ့ရပါတယ်။ အမေရိကန်မှာ ဇွန် ၃ ရက်နေ့အထိလည်း ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး အကြမ်းဖက် ဆူပူအုံကြွမှုတွေတော့ လျော့နည်းသွားခဲ့တယ်လို့ BBC သတင်းမှာ ပြောထားပါတယ်။ ထိုအတောအတွင်း ဂျော့ဂျ်ရဲ့ အလောင်းကို စစ်ဆေးမှုအရ ၎င်းထံမှာ COVID-19 ကပ်ရောဂါဖြစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း သတင်းထွက်ပေါ်နေပါတယ်။

.

Share

Loading Next Article...
က္က