Area 51 ဝင်ပေါက်အနီး ပွဲတော်တစ်ခုအသွင် လူတွေရောက်လာကြပါတယ်။
Ko John

ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ထိန်းသိမ်းထားရှိတဲ့နေရာအဖြစ် နာမည်ကြီးနေပြီး Area 51 လို့ သိထားကြတဲ့ နီဗားဒါးသဲကန္တာရအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ဒေသစံတော်ချိန် စက်တင်ဘာ ၂၀ ရက် မနက်အစောပိုင်းမှစပြီး အပျော်လာရောက်ကြသူ ရာနဲ့ချီရှိလာခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"Area 51 ကို စီးနင်းကြ" အမည်ဖြင့် စည်းရုံးနှိုးဆော်ထားမှုအရ စုရုံးကြမှုကို သုံးရက်ကြာ ပြုလုပ်မှာဖြစ်ပြီး ရာနဲ့ချီတဲ့ အပျော်လာရောက်သူတွေကို ဆွဲဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၎င်းတို့က လုံခြုံရေးထူထပ်စွာချထားတဲ့ Area 51 ခေါ် စစ်အခြေစိုက်စခန်း ဝင်ပေါက်နေရာကို စုရုံးရောက်ရှိလာခဲ့ကြပေမဲ့ အများစုကတော့ စစ်စခန်းဝင်းအတွင်းသို့ဝင်ရန် မကြိုးပမ်းခဲ့ကြပါဘူး။

သို့သော် လက်ရှိအချိန်အထိတော့ လူနှစ်ဦးကို လုံခြုံရေးတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။ Area 51 နေရာမှာ အမေရိကန်အစိုးရက ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားရှိကြောင်း ကာလရှည်ကြာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Josh Edelson/Daily Mail)

Area 51 ဝင်ပေါက်အနီး ပွဲတော်တစ်ခုအသွင် လူတွေရောက်လာကြတဲ့ မြင်ကွင်းကို ဒေသစံတော်ချိန် စက်တင်ဘာ ၂၀ ရက် မနက် ၃ နာရီဝန်းကျင်မှာ စတင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုနေ့ ထိုအချိန်မှာပင် Facebook အသုံးပြုသူတစ်ဦးက လူတွေကို နောက်ပြောင်ကျီစယ်ကာ "ဂြိုဟ်သားတွေကိုကြည့်ဖို့ စစ်အခြေစိုက်စခန်းကို ပြေးကြစို့" လို့ ဖိတ်ခေါ်ခဲ့တာလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက "Area 51 ကို စီးနင်းကြ" လို့ အမည်ပေးထားတဲ့ event တစ်ခု လွှင့်တင်ခဲ့ရာ တက်ရောက်မယ့်အကြောင်း attending အဖြစ် တုံ့ပြန်ထားသူ နှစ်သန်းကျော်အထိ ရှိခဲ့ပါတယ်။ ယခု လက်တွေ့မှာလည်း Area 51 စစ်အခြေစိုက်စခန်းအနီးရှိ ရေချယ်နဲ့ ဟစ်ကိုမြို့တို့မှာ ကမ္ဘာလှည့်ခရီးသည် ထောင်နဲ့ချီ ရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

Area 51 ကို စုရုံးလာရောက်ခဲ့ကြတဲ့ UFO စိတ်ဝင်စားသူတွေနဲ့ စပ်စုချင်သူတွေအနက်မှ တစ်ဦးကတော့ လိမ္မော်ရောင် အာကာသဝတ်စုံကို ဝတ်ဆင်ထားပြီး အချို့ကတော့ သိပ္ပံဦးထုပ်နဲ့ ဂြိုဟ်သားမျက်နှာဖုံးများ တပ်ဆင်ထားကြပါတယ်။ အဆိုပါ လူအုပ်စုထဲမှ စာတန်းတစ်ခုမှ "အီးတီကို အစိုးရလက်မှလွှတ်ပေး" (Free ET from the government) လို့ အဓိပ္ပါယ်ရတဲ့ စာသားကိုရေးသားထာပါတယ်။

YouTube မှာ Atozy အမည်ဖြင့် ကျော်ကြားသူကလည်း "အစိုးရနေရာတစ်ခုအပြင်ဘက်မှာ ထူးထူးဆန်ဆန်းဝတ်စုံတွေနဲ့ လူမျိုးစုံ စုဝေးရောက်ရှိလာပါ၊ ခင်ဗျား ဒါကို ဘာကြောင့် လက်လွှတ်ခံမလဲ? ဒါက တစ်သက်မှာတစ်ကြိမ် ကြုံရတာနော်" လို့ ပြောခဲ့ပါတယ်။

(Photo: Getty Images)

အမေရိကန်ရေတပ်ကတော့ နီဗားဒါးသဲကန္တာရ စစ်အခြေစိုက်စခန်းဟာ လေယာဉ်စမ်းသပ်မှုနဲ့ တပ်ဖွဲ့ဝင်လေ့ကျင့်မှု နေရာအဖြစ် အသုံးပြုနေတာဖြစ်ပြီး အများပြည်သူ ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ Area 51 နဲ့ပတ်သက်ပြီး လူအများကြား ပဟေဠိဖြစ်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။

လူတွေရဲ့စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေတဲ့ ဇာတ်လမ်းဆန်ဆန် သီအီုရီတွေအရ ၁၉၄၇ ခုနှစ်အတွင်း နယူးမက္ကစီကိုပြည်နယ် ရော့စ်ဝဲမြို့မှာ ပျက်ကျခဲ့တဲ့ အမျိုးအမည်မသိယာဉ်ပျံ (UFO) လို့ ယူဆရတဲ့ အရာဝထ္ထုတစ်ခု ပျက်ကျခဲ့ရာမှ အပျက်အစီးတွေနဲ့ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဂြိုဟ်သားအလောင်းတွေကို Area 51 မှာ လျှို့ဝှက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရကလည်း အဆိုပါ စစ်အခြေစိုက်စခန်း တည်ရှိမှုကို ၂၀၁၃ ခုနှစ်မတိုင်မီအထိ အတည်ပြု ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။

(Photo: AP)

၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ CIA မှတ်တမ်းဖိုင်တွေအရ Area 51 နေရာမှာ အထူးထောက်လှမ်းရေး လေယာဉ်တွေကို စမ်းသပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သို့သော် ထိုပြန်ချက်ကလည်း ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို Area 51 မှာ ထိန်းသိမ်းထားရှိကြောင်း လူတွေရဲ့ စိတ်ဝင်စား သံသယရှိမှုကို မချေဖျက်နိုင်ခဲ့ပါဘူး။ Area 51 စစ်အခြေစိုက်စခန်းဟာ နီဗားဒါးပြည်နယ် ရေချယ်မြို့မှ ၁၂ မိုင်အကွာမှာတည်ရှိပါတယ်။

Source: BBC, Reuters, Daily Mail


ဆက်စပ်အကြောင်းအရာများ


က္က