ရာဘာလှေငယ်နဲ့အတူ မျောပါနေခဲ့တာ ဖြစ်ပါတယ်။
Ko John

ဂရိနိုင်ငံအနီး ပင်လယ်ပြင်မှာ ရာဘာလှေတစ်စီးနဲ့အတူ နှစ်ရက်နီးပါးကြာ မျောပါနေခဲ့တဲ့ နယူးဇီလန် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂရိကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိတွေက နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။

(Photo: Crete Live)

အသက် ၄၇ နှစ်အရွယ် ကူရှီလာစတိန်း အမည်ရှိ အမျိုးသမီးကို တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃ ရက်) မနက်ပိုင်းမှာ ပြန်ရှာတွေ့ပြီး ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုအမျိုးသမီးဟာ Aegean ပင်လယ်အတွင်းရှိ ဂရိနိုင်ငံ Folegandros ကျွန်းအနီး ရွက်လှေတစ်စီးပေါ်မှာ အားလပ်ရက်အပန်းဖြေခဲ့ရာမှ နိုဝင်ဘာ ၁ ရက် နေ့လယ်ဝန်းကျင်အချိန်က ရွက်လှေမှာပါရှိတဲ့ လေထိုးအသုံးပြုရတဲ့ ရာဘာလှေဖြင့် ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ရက်အကြာမှာတော့ ကူရှီလာ ပျောက်ဆုံးနေကြောင်း ဂရိအာဏာပိုင်တွေထံ အကြောင်းကြားမှု လက်ခံရရှိခဲ့ပါတယ်။

(Photo: Crete Live)

ထို့နောက် ကူရှီလာကို ပင်လယ်ပြင်နေရာအနှံ့အပြားမှာ လိုက်လံရှာဖွေခဲ့ပြီးနောက် ဂရိနိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ Crete ကျွန်းမြောက်ဘက် ရေမိုင် ၅၅ မိုင်အကွာ ပင်လယ်ပြင်မှာ ရာဘာလှေအတွင်း ပြန်ရှာတွေ့ခဲ့ရပါတယ်။ ကူရှီလာဟာ ရာဘာလှေနဲ့အတူ ပင်လယ်ထဲမှာ ၃၇ နာရီကြာ မျောပါနေခဲ့စဥ် သကြားလုံးတွေကို ခွဲတမ်းသတ်မှတ် စားသုံးခဲ့ပြီး အနွေးဓာတ်ရစေရန် ပလတ်စတစ်အိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ပင်လယ်ပြင်မှာ ရွက်လွင့်မှုအတွေ့အကြုံရှိတဲ့ ကူရှီလာက သူမကို သတိပြုတွေ့ရှိနိုင်ရန်အတွက် အနီရောင်အိတ်တစ်လုံးကို ခေါင်းမှာဆောင်းထားပြီး မှန်တစ်ချပ်ကို အလင်းရောင်ပြန်စေရန် အသုံးပြုခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ကူရှီလာရဲ့ မိခင်က သမီးဖြစ်သူဟာ ပင်လယ်ပြင်မှာ အသက်ရှင်နေနိုင်ရန် လေ့ကျင့်မှုက သူမရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

(Photo: Kushila Stein/Faceook)

ကူရှီလာဟာ မိုက်ခ်အမည်ရှိ ဗြိတိသျှအမျိုးသားကို ကူညီပေးခဲ့ပြီး တူရကီတောင်ပိုင်းမှ ဂရိနိုင်ငံ အေသင်မြို့ကို Rival 34 ရွက်လှေနဲ့အတူ ရွက်လွင့်လာခဲ့တာ ဖြစ်ပါတယ်။ ရွက်လွင့်ခရီးစဥ်အတွင် ကူရှီလာက ရွက်လှေကနေ ရာဘာလှေဖြင့် Folegandros ကျွန်းကို နိုဝင်ဘာ ၁ ရက်နေ့မှာ ထွက်ခွာလာခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

သို့သော် ရွက်လှေဆီသို့ အပြန်လမ်းမှာ ရာဘာလှေ လှော်တက်တစ်ချောင်း ရေထဲပြုတ်ကျသွားခဲ့ပြီး လေပြင်းတိုက်မှုကြောင့် ပင်လယ်ပြင်ထဲသို့ မျောပါသွားခဲ့ကြောင်း သိရပါတယ်။ ရွက်လှေရှိရာသို့ ကူရှီလာ ပြန်ရောက်မလာခဲ့ရာ ဂရိအာဏာပိုင်တွေထံ စနေနေ့ (နိုဝင်ဘာ ၂ ရက်) မနက်ပိုင်းမှာ အကြောင်းကြားခဲ့ပါတယ်။

(Infographic: The Sun)

ကူရှီလာကို သင်္ဘောခြောက်စီး၊ ရဟတ်ယာဥ်တစ်စီးနဲ့ ရေအောက်ဒရုန်းတစ်ခုတို့ အသုံးပြုပြီး ဂရိကမ်းခြေစောင့်တပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ကြပါတယ်။ ကူရှီလာက ပင်လယ်ထဲမှာ ရာဘာလှေငယ်နဲ့အတူ မျောပါနေခဲ့စဥ် အသက်မရှင်နိုင်ကို စိုးရိမ်နေပြီး လှေရဲ့ဘေးတစ်ဖက်မှာ မိခင်ရဲ့အမည်နဲ့ ဆက်သွယ်နိုင်တဲ့ အချက်အလက် အသေးစိတ်ကို ရေးသားထားခဲ့ပါတယ်။ ရှာဖွေရေးအဖွဲ့က ကူရှီလာကို တွေ့ရှိကယ်ဆယ်ခဲ့ပြီးနောက် ဆေးရုံမှာ ရာသီဥတုဒဏ်ခံခဲ့ရမှုနဲ့ ရေဓာတ်ခမ်းခြောက်မှုအတွက် ကုသမှုခံယူခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က