မိုးရေချိန် ၁၂ လက်မနီးပါးအထိ ရွာသွန်းခဲ့တယ်လို့ ဂရိမိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

ဂရိနိုင်ငံ အီဗီယာကျွန်းမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူခုနစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

(Photo: AFP)



ဩဂုတ် ၉ ရက်နေ့က မိုးသည်းထန်ပြီး ရေကြီးမှုများအတွင်း ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေနဲ့ လမ်းမတွေလည်း ပျက်စီးခဲ့ပါတယ်။ အီဗီယာကျွန်း Politika ကျေးရွာရှိ နေအိမ်တစ်အိမ်မှာ အသက်ရှစ်လရွယ် ကလေးငယ်တစ်ဦးကို သေဆုံးလျက်သားတွေ့ရတယ်လို့ မီးသတ်ဌာန ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ထိုကလေးငယ်ရဲ့ မိဘတွေကတော့ အသက်ရှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အစောပိုင်းကလည်း အဆိုပါကျေးရွာရှိ နေအိမ်နှစ်အိမ်မှာ အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သတိမေ့နေတာ မီးသတ်တပ်ဖွဲ့ဝင်တွေက တွေ့ခဲ့ရကြောင်း ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

(Photo: Reuters)

ဂရိနိုင်ငံ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Nikos Hardalias က အစောပိုင်းမှာ ရေကြီးမှုအတွင်း လူနှစ်ဦးပျောက်ဆုံးနေတယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဒေသဆိုင်ရာ အရေးပေါ်ဌာန ပြောခွင့်ရအမျိုးသားက ဩဂုတ် ၉ ရက် နှောင်းပိုင်းမှာ AFP ကို ပြောကြားရာမှာတော့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက နောက်ထပ် ပျောက်ဆုံးနေသူ အမျိုးသားတစ်ဦးကို လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ရဟတ်ယာဥ်တစ်စီးက တွေ့ရှိ့ကြောင်းနဲ့ ရေကြီးမှုအတွင်း Bourtsi ကျေးရွာရှိ သူမရဲ့နေအိမ်ကနေ မျောပါသွားခဲ့တယ်လို့ ANA သတင်းဌာနက ဖော်ပြပါတယ်။ အီဗီယာကျွန်း ရေကြီးမှုအတွင်း အခြား သေဆုံးသူနှစ်ဦးမှာ Bourtsi ကျေးရွာမှ အသက် ၇၄ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြောင်း ANA က ပြောပါတယ်။

(Photo: GreekReporter)

အီဗီယာကျွန်းရဲ့ နေရာတွေမှာ မိုးရေချိန် ၁၂ လက်မနီးပါးအထိ ရွာသွန်းခဲ့တယ်လို့ ဂရိမိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က အသက်ဆုံးရှုံးရမှုတွေအတွက် အလွန်းဝမ်းနည်းကြောင်းနဲ့ ရေကြီးမှုဖြစ်ပွားရာ အီဗီယာကျွန်းကို သွားရောက်မယ်လို့ ဆိုပါတယ်။

အီဗီယာ (Evia) ကျွန်းဟာ ဂရိနိုင်ငံမှာ ခရီတီ (Crete) ကျွန်းပြီးလျှင် ဒုတိယအကြီးဆုံးကျွန်းလည်း ဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ဂရိမြို့တော် အေသင်မြို့မှ အရှေ့မြောက်ဘက် မိုင် ၆၀ အကွာရှိ အီဗီယာကျွန်း အနောက်ပိုင်းမှာ လမ်းများပိတ်ဆို့နေခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အီဗီယာကျွန်းမှာ ရောက်ရှိနေကြတဲ့ ခရီးသွားအချို့ဟာ ကျွန်းပေါ်ရှိ စခန်းချနေရာတစ်ခုမှ ထွက်ခွာနိုင်ခြင်းမရှိဘဲ သောင်တင်နေကြောင်း ANA က ဖော်ပြပါတယ်။ ဂရိနိုင်ငံမှာ ဆောက်လုပ်ရေးနဲ့ စီမံကိန်းတွေကို လုံလောက်တဲ့ ထိန်းချုပ်မှုမရှိတာကြောင့် နေအိမ်များ ရေကြီးမှု မကြာခဏ ကြုံရလေ့ရှိကြောင်း AFP သတင်းက ပြောပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အေသင်မြို့အနောက်ဘက် ၁၉ မိုင်အကွာ စက်မှုလုပ်ငန်းနယ်မြေတစ်ခုရှိ မန်ဒရာကျေးရွာမှာ ရေကြီးမှုတွေကြောင့် လူ ၂၄ ဦး သေဆုံးခဲ့ပါတယ်။ ထိုစဥ်က ထောင်နဲ့ချီတဲ့ အဆောက်အအုံများ၊ နေအိမ်များ၊ ဈေးဆိုင်များနဲ့ စက်ရုံများပေါ်ကို ရွှံ့နွံရေများ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က