လေပြင်းတိုက်ပြီး မိုးသည်းထန်ခဲ့ပါတယ်။

ဂရိနိုင်ငံမြောက်ပိုင်းတစ်လျှောက် အားကောင်းတဲ့ မုန်တိုင်းတိုက်ခတ်မှုအတွင်း ကမ္ဘာလှည့်ခရီးသည် ခြောက်ဦးအပါအဝင် လူခုနစ်ဦး သေဆုံးပြီး အခြား လူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေအနက် ကလေးနှစ်ဦးပါဝင်ကြောင်း သိရပါတယ်။

ဂရိနိုင်ငံ Thessaloniki မြို့အနီး Halkidiki ဒေသမှာ ဒေသစံတော်ချိန် အင်္ဂါနေ့ (ဇူလိုင် ၉ ရက်) ညပိုင်းက လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်မှုနဲ့ မိုးသီးမုန်တိုင်းများ ကျရောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရာသီဥတုဆိုးရွားမှုအတွင်း ၎င်းတို့ရဲ့ကားအိမ် လွင့်ထွက်သွားခဲ့ပြီး ချက်လူမျိုး စုံတွတစ်တွဲ သေဆုံးခဲ့ပါတယ်။ ထို့အတူ ရိုမေးနီးယားနှစ်ဦးနဲ့ ရုရှားနှစ်ဦးလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀ ရက်) နှောင်းပိုင်းက မတူညီတဲ့ နေရာသုံးခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရိုမေးနီးယား အမျိုးသမီးနဲ့ သူမရဲ့ ကေးလတို့ဟာ ၎င်းတို့ရှိနေခဲ့တဲ့ စားသောက်ဆိုင်အမိုးပေါ်ကို သစ်ပင်လဲကျမှုအတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရုရှားအမျိုးသားနဲ့ ၎င်းရဲ့သားဖြစ်သူတို့ကတော့ ဟိုတယ်အနီး သစ်ပင်လဲကျမှုကြောင့် သေဆုံးခဲ့ပါတယ်။

(Photo: AP)

မုန်တိုင်းတိုက်ခတ်ရာ ဒေသမှာ အရေးပေါ် အခြေအနေထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးဝန်ထမ်း ၁၀၀ ကျော်ကို စေလွှတ်ချထားကြောင်း သိရပါတယ်။ ယခု ဖြစ်ရပ်ဟာ မကြုံစဖူး ရာသီဥတုဖြစ်စဉ်တစ်ခုလို့ ဂရိမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲ Charalambos Steriadis က ပြောပါတယ်။

ဂရိမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အပူချိန်များ ၃၇ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ပြီးနောက် မုန်တိုင်းဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းတိုက်ပြီးနောက် ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေမှာ သစ်ပင်များလဲကျနေခြင်း၊ ကားများတိမ်းမှောက်နေခြင်းနဲ့ အဆောက်အအုံများ အပျက်အစီးဖြစ်ပေါ်နေခြင်းတို့ကို တွေ့ခဲ့ရပါတယ်။

(Photo: Reuters)

မုန်တိုင်းတိုက်ခတ်တဲ့ ဇူလိုင် ၉ ရက် ညပိုင်းက ကမ်းခြေမှာ မိသားစုနဲအတူ ပါတီပွဲကျင်းပနေခဲ့တဲ့ Emily Kishtoo ရဲ့ ပြောကြားမှုအရ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီး လူတွေက ကမ်းခြေကနေ ဝေးရာကို ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေခဲ့ကြတယ်လို့ ဆိုပါတယ်။

သူမက ရေကြီးမှုတွေ စတင်ဖြစ်ပေါ်လာစဉ် အပန်းခြေဟိုတယ်ရဲ့ စားသောက်ဆိုင်နေရာမှာ အသက်သုံးနှစ်နဲ့ ငါးနှစ်အရွယ် သူမရဲ့ကလေးနှစ်ဦးနဲ့အတူ ခိုလှုံနေခဲ့ကြတယ်လို့ သိရပါတယ်။ "ကျွန်မတို့က ကလေးနှစ်ယောက်ရှိတယ်၊ အဲဒီမှာ ကလေးတွေ အများကြီးပဲ၊ တစ်ကယ့်ကို ကမောက်ကမပါပဲ၊ အရမ်း အရမ်း ကြောက်ဖို့ကောင်းပါတယ်" လို့ Emily က ပြောပါတယ်။

(Photo: Constantine Emmanouilidi)

မုန်တိုင်းတိုက်တဲ့ အင်္ဂါနေ့ညပိုင်းကတည်းက Halkidiki ဒေသမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ ရေပြတ်လပ်နေကြောင်း Emily က ဆိုပါတယ်။ မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ERT သတင်းဌာနကို ပြောကြားမှုအရ ထူးထူးခြားခြား မုန်တိုင်းတိုက်မှုဟာ မိနစ် ၂၀ မျှသာ ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က