မီးခိုးဗုံးပေါက်ကွဲမှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဥ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ စစ်တပ်အရာရှိနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: CNA)

"ကျွန်တော်တို့ အဲဒီနေရာကို လုံခြုံရေး ချက်ချင်းလုပ်ဆောင်ခဲ့ပါတယ်" လို့ ယနေ့ (ဒီဇင်ဘာ ၃ ရက်) ဖြစ်ပွားခဲ့တဲ့ ပေါက်ကွမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဂျကာတာရဲတပ်ဖွဲ့အကြီးအကဲ ဂါတော့အက်ဒီက ပြောပါတယ်။ ပေါက်ကွဲမှုဟာ ယနေ့မနက် ဒေသစံတော်ချိန် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်က ဥယျာဥ်ရဲ့ မြောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။



ပေါက်ကွဲမှုဖြစ်ပွားစဥ် စစ်တပ်အရာရှိတွေက အဆိုပါ ဥယျာဥ်အတွင်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် စစ်တပ်အရာရှိနှစ်ဦး လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာများရခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မီးခိုးဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်တယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။

(Photo: Reuters)

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်းနဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း အထောက်အထား မတွေ့ရဘူးလို့လည်း ရဲတပ်ဖွဲ့အကြီးအကဲ ပြောပါတယ်။ "မီးခိုးဗုံး သက်ရောက်မှုတွေက မကြီးပါဘူး၊ ဒါပေမဲ့ ပေါက်ကွဲမှုတော့ ဖြစ်ပါတယ်၊ ဒီမနက်ဖြစ်သွားတာ အဲဒါမျိုးပါပဲ" လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဇူလ်ဟာဒရီးက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ "ဒါမျိုးက နေရာတိုင်းမှာဖြစ်နိုင်ပါတယ်၊ ဒါကြောင့် အများပြည်သူအနေနဲ့ မင်္သကာစရာတွေ့ရင် အာဏာပိုင်တွေကို ချက်ချင်း အကြောင်းကြားဖို့ လိုပါတယ်" လို့လည်း ဗိုလ်မှူးကြီးဇူလ်ဟာက ဆက်လက် ပြောခဲ့ပါတယ်။

(Photo: Wikimedia Commons/Salmiah La Suma)

"ဒီပေါက်ကွဲမှုက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ သတင်းအချက်အလက်တွေ စုဆောင်းနေဆဲ ဖြစ်ပါတယ်၊ ဒဏ်ရာရသွားတဲ့ အရာရှိတွေလည်း သက်သာပါတယ်၊ ပေါက်ကွဲမှုဖြစ်ပွားတုန်းက မျက်မြင်တွေ့ရှိခဲ့သူတွေကို ကျွန်တော်တို့ မေးမြန်းသွားမှာပါ" လို့ ဗိုလ်မှူးကြီးက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ National Monument (Monumen Nasional in Indonesian) ဥယျာဥ်ကို မိုနက်စ် (Monas) လို့ အတိုကောက် သုံးနှုန်းပြောဆိုလေ့ရှိပြီး ဂျကာတာမြို့လယ်မှာ တည်ရှိပါတယ်။ အဆိုပါ ဥယျာဥ်ဟာ မာဒေးကားနန်းတော် (Merdeka Palace) နဲ့ ဝန်ကြီးဌာနရုံးများအနီးမှာ တည်ရှိကြောင်းလည်း သိရပါတယ်။

Source: Reuters, CNA


Share

Loading Next Article...
က္က