၂၀၁၃ ခုနှစ်နောက်ပိုင်း လူသေဆုံးမှုအများဆုံး ရေကြီးမှုလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်သစ်အကြိုကာလ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဂျကာတာမြို့တော်တစ်ဝှမ်း ရေကြီးမှုနဲ့ မြေပြိုမှုများဖြစ်ပွားကာ လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်သေးကြောင်း အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၂ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

ဂျကာတာမြို့တစ်ဝှမ်း ရေကြီးနေတဲ့ နေရာအများအပြားမှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားရပြီး ရထားပြေးဆွဲမှုအချို့နဲ့ လေဆိပ်တစ်ခုကိုလည်း ပိတ်ထားရပါတယ်။ "ကျွန်တော်တို့ ရေကြီးနေတဲ့ နေရာအများအပြားမှာ ဓာတ်လိုက်မှုအန္တရာယ်ရှိလို့ ဓာတ်အားဖြတ်တောက်ထားပါတယ်၊ လက်ရှိမှာ လူတွေ ဘေးကင်းဖို့ကိုပဲ ကျွန်တော်တို့ အဓိကထားပါတယ်" လို့ PLN လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ တာဝန်ရှိသူ Ikhsan Assad က AFP သတင်းဌာနကို ပြောပါတယ်။



(Photo: AP)

ရေကြီးနေတဲ့ နေရာများမှ ထွက်ခွာကြရန် အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက မြိုခံတွေကို တိုက်တွန်းထားကြောင်း သိရပါတယ်။ ရေကြီးမှုအတွင်း လူအချို့ ပျောက်ဆုံးနေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ "ပထမ ဦးစားပေးကတော့ အသက်ကယ်ဖို့ပါပဲ" လို့ အဆိုပါဌာနရဲ့အကြီးအကဲ ဒိုနီမိုနာဒိုက ပြောပါတယ်။ ဂျကာတာမြို့မှာ ရေကြီးမှုအတွင်း အသက် ၁၆ နှစ်အရွယ် လူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်းနဲ့ အခြား သုံးဦးမှာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ ၁၃ ပေအထိရှိတဲ့ ရေကြီးမှုအတွင်း နေအိမ်ထဲမှာပိတ်မိခဲ့ရာမှ သက်ကြီးရွယ်အို စုံတွဲတစ်တွဲလည်း သေဆုံးခဲ့ပါတယ်။ နောက်ထပ်တစ်ဦးမှာ ရေနစ်သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဂျကာတာမြို့စွန်မှာ မြေပြိုမှုအတွင်း လူသုံးဦး သေဆုံးခဲ့မှုအပါအဝင် သေဆုံးသူအရေအတွက်ဟာ ယနေ့အထိ ၂၉ ဦးရှိလာခဲ့ပါတယ်။

(Photo: AFP)

"ရေကြီးတာကို အရင်ကလည်း ကြုံခဲ့ရဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိဖြစ်တာ မမြင်ခဲ့ဖူးဘူး၊ ဒီလောက်ဆိုးမယ့် ရေကြီးမှုအတွက်တော့ ကျွန်မတို့ ကြိုတင်ပြင်ဆင်မထားခဲ့ကြဘူးလေ" လို့ ရေဘေးသင့် ဂျကာတာမြို့ခံတစ်ဦးဖြစ်သူ Angelina Widiyanti က ပြောပါတယ်။ ဂျကာတာမှာ ဒီဇင်ဘာ ၃၁ ရက်မှစပြီး နှစ်သစ်ရဲ့ ပထမဆုံးရက် မနက်အစောပိုင်းအချိန်အထိ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ကြောင်း သိရပါတယ်။

ရေကြီးမှုကြောင့် ဂျကာတာမြို့တစ်ဝှမ်းမှာ လူဦးရေ ၃၅,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ "ကျွန်တော်တို့ လူတွေကို ချက်ချင်း ရွှေ့ပြောင်းပေးနေပါတယ်၊ မြစ်တွေအနီးမှာ နေထိုင်ကြသူတွေဟာ နောက်ထပ် ရေကြီးမှုအန္တရာယ်ကို ကြိုတင်သတိပြုသင့်ပါတယ်" လို့ ဂျကာတာမြို့တော်ဝန် Anies Baswedan က ပြောပါတယ်။

(Photo: Reuters)

ဂျကာတာမှာ ယခုရေကြီးမှုဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးနဲ့ လူသေဆုံးမှု အများဆုံးလည်း ဖြစ်လာပါတယ်။ ၂၀၁၃ ခုနှစ်က ဂျကာတာမှာ မုတ်သုန်မိုးများ သည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။ နိုဝင်ဘာလမှာစတင်တဲ့ အင်ဒိုနီးရှားရဲ့ မိုးရာသီကာလအတွင်း လူဦရေး သန်း ၃၀ နေထိုင်ကြတဲ့ ဂျကာတာမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေကြီးမှုတွေ ပုံမှန်ကြုံတွေ့ရလေ့ရှိပါတယ်။

Share

Loading Next Article...
က္က