ဆေးရုံအဆောက်အအုံနဲ့ကပ်လျက် တိုးချဲ့တည်ဆောက်ထားခဲ့တဲ့ COVID-19 လူနာဆောင် မီးလောင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထိပ်တန်ဆေးရုံတစ်ရုံမှာ COVID-19 လူနာတွေ သီးခြားခွဲထားတဲ့ အဆောင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: DhakaTribune)

မေ ၂၇ ရက်နေ့က ညပိုင်းက ဒါကာမြို့တော် Gulshan အရပ်ရှိ ဆေးရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကူးစက်မှုတွေ မြင့်တက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရစဥ် ဆေးရုံမီးလောင်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ မီးသတ်ဌာနမှ အရာရှိ Kamrul Hasan က AFP သတင်းဌာနကို ပြောကြားမှုအရ ယူနိုက်တက်ဆေးရုံ (United Hospita) ရဲ့ အဆောင်တစ်ခုအတွင်း လေအေးပေးစက် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။



"မီးသတ်တပ်ဖွဲ့က မီးလောင်မှုကို တစ်နာရီလောက်အတွင်း ထိန်းနိုင်ခဲ့ပါတယ်၊ လူငါးဦးက မီးလောင်မှုကြောင့်ထွက်လာတဲ့ မီးခိုးတွေနဲ့ မွန်းကျပ်သေဆုံးခဲပါတယ်" လို့ မီးသတ်အရာရှိ Kamrul Hasan က ပြောပါတယ်။ မီးလောင်မှုဟာ လက်သန့်စင်ဆေးရည်ကဲ့သို့ မီးလောင်လွယ်တဲ့အရာများ ရှိနေခဲ့တာကြောင့် အဆောင်တစ်ခုလုံးကို လျင်မြန်စွာ ကူးစက်သွားခဲ့ကြောင်း ဒါကာရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး Sudip Kumar Chakrabort က AFP ကို ရှင်းပြပါတယ်။

"သေဆုံးသူတွေထဲမှာ COVID-19 လူနာသုံးယောက်ပါတယ်၊ ကျန်တဲ့ နှစ်ယောက်ကတော့ COVID-19 မတွေ့ရှိထားသူတွေပါ" လို့ ၎င်းက ပြောပါတယ်။ ရဲတပ်ဖွဲ့က ဆေးရုံမီးလောင်မှုကို ယမန်နေ့ည ဒေသစံတော်ချိန် ၉ နာရီ ၄၈ မိနစ်မှာ စတင်သိရှိခဲ့ရပြီး မကြာမီအတွင်းမှာပင် COVID-19 လူနာများ သီးခြားခွဲထားတဲ့ အဆောင်တစ်ခုလုံး မီးကူးစက်လောင်သွားခဲ့ပါတယ်။

(Photo: DhakaTribune)

အဆိုပါ လူနာဆောင်ကို COVID-19 သံသယလူနာများကို သီးခြားခွဲထားရန်အတွက် လတ်တ‌လော သီတင်းပတ်အတွင်း ဆေးရုံအဆောက်အအုံနဲ့ကပ်လျက် တိုးချဲ့တည်ဆောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဆေးရုံရှိ လူနာများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြကြောင်းလည်း ဆရာဝန်တစ်ဦးက AFP ကို ပြောပါတယ်။ "အဲဒီ တိုးချဲ့ဆောင်က‌‌နေ ဆေးရုံရဲ့ အဓိက အဆောက်အအုံကို မီးမကူးစက်ခဲ့တာ တော်သေးတယ်၊ နို့မို့ဆိုရင် အကြီးအကျယ် ဒုက္ခရောက်ပြီ" လို့ အမည်မဖော်ပြတဲ့ ဆရာဝန်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုအခြေအ‌နေ ပိုဆိုးလာခဲ့ပြီး ယနေ့ (မေ ၂၈ ရက်) မနက်ပိုင်းအထိ ကူးစက်ခံရသူ ၃၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၄၄ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဘင်္ဂလားဒေ့ရှ်မှာ COVID-19 စစ်ဆေးနိုင်မှုပမာဏ နည်းပါတာကြောင့် အမှန်တစ်ကယ် ကူးစက်မှုနဲ့ သေဆုံးမှုဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း‌တွေထက် များစွာပိုနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားထားပါတယ်။

Share

Loading Next Article...
က္က