ရထားနှစ်စင်းတိုက်မိခဲ့စဥ် ခရီးသည်အများအပြား အိပ်ပျော်နေခဲ့ကြပါတယ်။
Ko John

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိခဲ့မှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။


(Photo: EPA)

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဆိပ်ကမ်းမြို့ စစ်တကောင်းသို့ ဦးတည်ခုတ်မောင်းနေတဲ့ ရထားနဲ့ ဒါကာမြို့တော်သို့ ခုတ်မောင်းသွားနေတဲ့ ရထားတို့ဟာ ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ဒေသစံတော်ချိန် မနက် ၃ နာရီဝန်းကျင်က မြို့တော်အရှေ့ဘက် ၆၂ မိုင်ခန့်အကွာ ဘရာဟ်မင်ဘာရီယာခရိုင်အတွင်း ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။

ခေါင်းချင်ဆိုင် တိုက်မိခဲ့တဲ့ ရထားနှစ်စင်းရဲ့ အပျက်အစီးတွေထဲမှ လူတွေကို ဆွဲထုတ်ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားတွေ အသည်းအသန် ကြိုးပမ်းနေခဲ့ရပါတယ်။ "ကယ်ဆယ်ရေးလုပ်နေတုန်းပဲ၊ ရထားတွဲတွေအောက်မှာ လူတွေ ပိတ်မိနေတာရှိတော့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သေးတယ်" လို့ စစ်တကောင်ရထားလမ်း ရဲတပ်ဖွဲ့မှ တွဲဖက်ရဲမှူး မိုဟမ်မက်ရှော်ကတ်အလီက CNN သတင်းဌာနကို ပြောပါတယ်။

(Photo: EPA)

"ကျွန်တော် ရထားပေါ်ကနေ ဆင်းလိုက်တော့ ခေါင်းတွေ၊ လက်တွေ ခြေတွေ မပါတဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်" လို့ ရထားတစ်စင်းမှ ခရီးသည်ဖြစ်သူ အသက် ၅၀ အရွယ် မိုဟမ်မက်မော့စ်လမ်က Reuters သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောြကားခဲ့ပါတယ်။ ရထားတိုက်မှုဖြစ်ပွားချိန်မှာ ခရီးသည်အများအပြားဟာ အိပ်ပျော်နေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

"အခုထိ အလောင်း ၁၆ လောင်း တွေ့ရှိထားပါတယ်၊ ဒဏ်ရာရသူ ၄၀ ကျော်ကို ဆေးရုံပို့ထားပါတယ်" လို့ ခရိုင်အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ ဟေယတ်အူဒ်ဒိုလာခန်းက Reuters ကို တယ်လီဖုန်းဖြင့် ပြောခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ စစ်တပ်က ကယ်ဆယ်ရေးလုပ်ဆောင်နေကြပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း ဒိုလာခန်းက ဖြည့်စွက်ပြောပါတယ်။

(Photo: AP)

လက်ရှိအချိန်မှာတော့ ရထားနှစ်စင်းဟာ တူညီတဲ့လမ်းကြောင်းပေါ်မှာ မည်သို့ရောက်ရှိ ခုတ်မောင်းနေခဲ့ကြကြောင်း အတိအကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုလုပ်ရန် အစိုးရက ညွှန်ကြားထားပါတယ်။ ရဲအရာရှိတစ်ဦးဖြစ်သူ ရှယာမာခန်တီဒက်စ်ကတော့ "ရထားတစ်စင်းက လမ်းကြောင်းအချက်ပြတာကို မလိုက်နာခဲ့ပုံရပြီး အခုလို အဖြစ်ဆိုးကြုံရတာ ဖြစ်နိုင်တယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရထားလမ်းများ အခြေအနေဆိုးမှုနဲ့ ရထားလမ်းဆုံ နေရာတွေမှာ ကြီးကြပ်သူမရှိမှုတို့ကြောင့် ရထားလမ်း မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း Reuters သတင်းက ဖော်ြပထားပါတယ်။


- နောက်ဆက်တွဲသတင်းနဲ့ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်


ဆက်စပ်အကြောင်းအရာများ


က္က