နောက်ထပ် လူအများအပြား ပျောက်ဆုံးနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်အနီး ကူးတို့သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၃၂ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် အများအပြား ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: EPA)

Morning Bird ကူးတို့သင်္ဘောဟာ Buriganga မြစ်အတွင်း နောက်ထပ် သင်္ဘောတစ်စီးနဲ့ တိုက်မိပြီးနောက် တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။ ကူးတို့သင်္ဘော မတော်တဆမှု ဖြစ်ပွားတဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး မြစ်ဆိပ်ကမ်း Sadarghat အနီးမှာဖြစ်ပါတယ်။



ဒေသခံမီဒီယာတွေက ဖော်ပြမှုအရ တိမ်းမှောက်ခဲ့တဲ့ ကူးတို့သင်္ဘောဟာ နိုင်ငံအလယ်ပိုင်းရှိ ကျေးရွာတစ်ရွာကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး ခရီးသည် ၅၀ မှ ၁၀၀ ခန့်အထိ တင်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူများ အဆမတန် တင်ဆောင်မှုကြောင့် ကူးတို့သင်္ဘော မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

(Photo: Reuters)

ထို့အတူ ဘင်္ဂလားဒေ့ရှ်မှာ သင်္ဘောကျင်းနဲ့ ကူးတို့သင်္ဘော အများအပြားဟာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်း အားနည်းမှုတွေကြောင့်လည်း ရာသီဥတုဆိုးရွားစဥ် မကြာခဏ နစ်မြုပ်လေ့ရှိပါတယ်။ မျက်မြင်တွေ့ရှိသူတွေက ဒေသခံ ရုပ်မြင်သံကြားသတင်းဌာနတွေကို ပြောကြားမှုအရ သင်္ဘောတိုက်မှုဖြစ်ပြီးနောက် ခရီးသည်အများအပြားဟာ သင်္ဘောအခန်းထဲမှာ ပိတ်မိနေခဲ့ကြကြောင်း သိရပါတယ်။

သင်္ဘောတိမ်းမှောက်တဲ့ နေရာအနီး ကမ်းပေါ်မှ မှတ်တမ်းဓာတ်ပုံတွေမှာ အလောင်းအများအပြားကို အဖြူရောင်အိတ်များဖြင့် ထည့်ထားခဲ့တာ တွေ့ရပါတယ်။ ကူးတို့သင်္ဘောဟာ ဒါကာမြို့ရဲ့ အဓိက မြစ်ဆိပ်ကမ်း Sadarghat မှာ ဆိုက်ကပ်ရန် ကြိုးပမ်းခဲ့စဥ် တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

(Photo: Reuters)

Sadarghat မြစ်ဆိပ်ကမ်းကို ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းကိုသွားတဲ့ သင်္ဘောအစီးရေ ရာနဲ့ချီ အသုံးပြုလေ့ရှိပါတယ်။ မီးသတ်ဌာနမှ ယာဥ်မောင်းတစ်ဦးဖြစ်သူ Abul Khair ကတော့ ကူးတို့သင်္ဘောနစ်မြုပ်မှုမှ ကလေးငယ်များ အပါအဝင် အလောင်း ၃၀ ထက်မနည်း ပြန်လည်ဆယ်ယူရှိခဲ့ကြောင်း AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က