ရေနံဆီလောင်းကာ မီးရှို့ခံရပြီးနောက် ငါးရက်အကြာမှ သေဆုံးသွားခဲ့ပါတယ်။
Ko John

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း ဒေါသတကြီး ဝေဖန်တုံ့ပြန်မှုတွေ ထွက်ပေါ်ခဲ့တဲ့ ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦး အရှင်လတ်လတ် မီးရှို့အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားရုံးက လူ ၁၆ ဦးကို ယနေ့ (အောက်တိုဘာ ၂၄ ရက်) သေဒဏ်ချမှတ်လိုက်ပါတယ်။

(မီးရှို့အသတ်ခံရသည့် ကျောင်းသူ နူစရတ်) (Photo: Nusrat Family)

နူစရတ်ဂျာဟန်းရာဖီ အမည်ရှိ ကျောင်းသူဟာ သူမ တက်ရောက်ခဲ့တဲ့ ဘာသာရေးကျောင်းမှ ကျောင်းအုပ်ဆရာက သူမကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ထိုကျောင်းအုပ်ဆရာက တိုင်းကြားချက်ကိုရုပ်သိမ်းရန် ပြောဆိုခဲ့ပါတယ်။

နူစရတ်က တိုင်ကြားချက်ကို ရုပ်သိမ်းမပေးခဲ့ရာမှ သူမကိုသတ်ရန် ကျောင်းအုပ်ဆရာက စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသူနူစရတ်ဟာ ဒါကာမြို့တော် အပြင်ဘက် မိုင် ၁၀၀ ခန့်အကွာရှိ Feni မြို့ငယ်လေးမှာ ယခုနှစ် ဧပြီလအတွင်း ရေနံဆီလောင်းကာ မီးရှို့ခံရပြီးနောက် ငါးရက်အကြာမှ သေဆုံးသွားခဲ့ပါတယ်။

(ကျောင်းအုပ်ဆရာ Siraj Ud Doula) (Photo: Reuters)

မီးရှို့ခံရတဲ့ နူစရတ်ဟာ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်း မီးလောင်ခံရပြီး ဧပြီ ၁၀ ရက်နေ့မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာကို လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် တိုင်ကြားခဲ့တဲ့ နူစရတ်ကို ဘာသာရေးကျောင်းခေါင်းမိုးနေရာသို့ ဆွဲခေါ်သွားခဲ့ကြပြီး တိုင်ကြားချက်ရုပ်သိမ်းရန် ဖိအားပေးပြောဆိုခဲ့ကြပါတယ်။ နူစရတ်က ရုပ်သိမ်းမပေးနိုင်ကြောင်း ငြင်းဆန်ခဲ့ရာ သူမကို ကြိုးတုပ်ချုပ်နှောင်ပြီး ရေနံဆီလောင်းကာ မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

(သေဒဏ်ချမှတ်ခံရသူများကို အချုပ်ကားအတွင်းတွေ့ရစဉ်) (Photo: Reuters)

နူစရတ် မီးရှို့အသတ်ခံရမှု သတင်းကိုကြားသိရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး သူမအတွက် တရားမျှတမှုကို ဆန္ဒပြတောင်းဆိုမှုတွေလည်း ဆက်တိုက် ပေါ်ပေါက်ခဲ့ပါတယ်။ နူစရတ်ရဲ့အမှုဟာ ဘင်္ဂလားဒေ့ရှ်မှာ အမြန်ဆုံး ကြားနာစစ်ဆေးပြီး အမိန့်ချမှတ်လိုက်တဲ့ အမှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်မှာ ထိုသို့သောအမှုတွေကို စီရင်ချက်ချမှတ်ရန် နှစ်နဲ့ချီ အချိန်ကြာမြင့်လေ့ရှိတယ်လို့ ဆိုပါတယ်။

(နူစရတ်အတွက် ဆန္ဒပြသူများ) (Photo: Reuters)

"ဒီစီရင်ချက်က ဘင်္ဂလားဒေ့ရှ်မှာ လူသတ်မှုကနေ ဘယ်သူမှ ကင်းလွတ်ခွင့်မရဘူးဆိုတာ သက်သေပြလိုက်တာပါပဲ" လို့ ရှေ့နေဟာဖက်ဇ် အာမက်က သတင်းထောက်တွေကို ပြောပါတယ်။ နူစရတ် အသတ်ခံရမှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်း ၂၇,၀၀၀ ခန့်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးရေး ကော်မတီများ ဖွဲ့စည်းထားကြရန် အာဏာပိုင်တွေက ညွန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က