ကလေးပြန်ပေးဆွဲမှု ကောလာဟလများ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ရာမှ ဝိုင်းဝန်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကလေးပြန်ပေးဆွဲမှုအကြောင်း မမှန်မကန် ကောလာဟလသတင်းများ အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့ရာမှ သံသယရှိသူတွေကို အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့် လူ ၈ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့အကြီးအကဲ Javed Patwary) (Photo: AFP)

ဒါကာမြို့တော် တောင်ဘက်မှာ ပက်ဒ်မာ (Padma) တံတားတည်ဆောက်ရေးအတွက် လူတွေကို ယဇ်ပူဇော်သကဲ့သို့ စတေးရန်လိုအပ်နေကြောင်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ကလေးများအား ပြန်ပေးဆွဲခိုးယူမယ့်သူတွေအဖြစ် သံသယရှိသူတွေ တိုက်ခိုက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကုန်ကျမယ့် ပက်ဒ်မာတံတား တည်ဆောက်ရေးစီမံကိန်းအတွက် ကလေးတွေကို ခေါင်းဖြတ်နေတယ်လို့ အွန်လိုင်းမှာ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပါတယ်။



ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် စေတနာ့ဝန်ထမ်း ကင်းသမားတွေက ကလေးပြန်ပေးဆွဲသူတွေအဖြစ် သံသယရှိသူတွေကို လူအုပ်စုလိုက် ဝိုင်းဝန်းဖမ်းဆီးကာ သတ်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုသို့ အသတ်ခံခဲ့ရသူတွေ အားလုံးဟာ ကလေးပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်ခဲ့ကြခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ အကြီးအကဲ Javed Patwary က ဒါကာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သံသယရှိပြီး အသတ်ခံခဲ့ရတဲ့ ကလေးနှစ်ဦးရဲ့မိခင်

ကလေးပြန်ပေးဆွဲကြောင်း သံသယရှိမှုဖြင့် လူအုပ်စုက ဝိုင်းဝန်သတ်ဖြတ်ခံရသူ ၈ ဦးအနက် ခင်ပွန်းနဲ့ကွဲနေတဲ့ အသက် ၁၁ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူ Taslima Begum လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ကလေးပြန်ပေးဆွဲမှု အွန်လိုင်းကောလာဟလတွေကြောင့် လူ ၃၀ ကျော် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

(အသတ်ခံရသည့် ကလေးနှစ်ဦး၏ မိခင် Taslima Begum) (Photo: bdnews24.com)

ယခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး Taslima Begum အမည်ရှိ ကလေးနှစ်ဦးရဲ့ မိခင်ကိုသတ်မှုဖြင့် လူ ၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အခြား လူ ၅ ဦးကိုတော့ ကောလာဟလသတင်းတွေနဲ့ ဆက်နွယ်နေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။ အသက် ၄၂ နှစအရွယ် Taslima Begum ဟာ ဒါကာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်း အပြင်ဘက်မှာရှိနေစဉ် လူအုပ်စုက သမကို ကလေးပြန်ပေးဆွဲသူအဖြစ် သံသယရှိပြီး ဝိုင်ဝန်းရိုက်နှက် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Taslima Begum က သူမရဲ့ ကလေးတွေကို အဆိုပါ စာသင်ကျောင်းမှာ တက်ရောက်ခွင့်အတွက် လာရောက်စုံစမ်းခဲ့ရာ ဒေသခံတွေက သူမကို ကလေးပြန်ပေးဆွဲသူအဖြစ် သံသယရှိခဲ့ကြတယ်လို့ မျက်မြင်သက်သေတစ်ဦးက bdnews24.com ဘင်္ဂလားဒေ့ရှ် အွန်လိုင်းသတင်းစာဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

(Taslima Begum အသတ်ခံရမှုမှ အဓိက သံသယရှိသူ) (Photo: bdnews24.com)

Taslima Begum အသတ်ခံရမှုကို မျက်မြင်သက်သေဖြစ်တဲ့ ဆရာမတစ်ဦးက "သူမကို ဝိုင်းဝန်းတိုက်ခိုက်နေကြတဲ့ လူအုပ်စုကြီးကို ဘာမှ မလုပ်နိုင်ခဲ့ပါဘူး" လို့ အဆိုပါ ဝက်ဘ်ဆိုက်ကို ဖွင့်ဟခဲ့ပါတယ်။ ရဲတပ်ဖွဲ့က Taslima Begum ကို ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခဲ့သူတွေအနက် အဓိက သံသယရှိသူဟာ အသက် ၁၉ နှစ်အရွယ် Ibrahim Hossain Hridoy ဆိုသူဖြစ်ပြီး ၎င်းက Taslima Begum အား သံတုတ်ဖြင့် ရိုက်ခဲ့တာကို ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုမှာ တွေ့ခဲရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အလားတူ ဝိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်မှု ၃ ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ Taslima Begum ကဲ့သို့ပင် အသကက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၀ ကျော်အရွ်ယ အမျိုးသမီးတစ်ဦးတို့ကိုလည်း လူအုပ်စုက ဝိုင်ဝန်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြကြောင်း bdnews24.com က သတင်းဖော်ပြပါတယ်။

ကောလာဟလတွေ စတင်ပျံ့နှံ့မှု

ပက်ဒ်မာတံတားစီမံကိန်းအတွက် ကလေးခေါင်းတွေဖြတ်နေတဲ့ ကောလာဟလတွေဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က ဆိုရှယ်မီဒီယာမှာ စတင်ပျံ့နှံ့နေခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ပြောပါတယ်။ အဆိုပါ ကောလာဟလတွေဟာ Facebook ပို့စ်တွေနဲ့ YouTube ဗီဒီယိုတွေမှာ အများဆုံး ပျံ့နှံ့ခဲ့ကြောင်းလည်း သိရပါတယ်။

(တည်ဆောက်နေဆဲ Padma တံတား) (Photo: AFP)

ကောလာလဟ သတင်းတစ်ခုမှာတော့ ကလေးတစ်ဦးရဲ့ ဦးခေါင်းကို သယ်ဆောင်သွားတဲ့ လူငယ်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း Netrokona ဒေသမှာ တွေ့ရတယ်လို့ ပြောထားပါတယ်။ Facebook မှာ ပျံ့နှံ့နေခဲ့တဲ့ ပို့စ်တွေမှာ ပက်ဒ်မာတံတားတည်ဆောက်ရေးအတွက် ဦးခေါင်းနဲ့သွေးတွေ စုဆောင်းရယူရန် ကလေးပြန်ပေးဆွဲသူတွေ ချောင်းမြောင်းလှုပ်ရှားနေကြတယ်လို့ ပြောထားကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှု

ယခုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အကြီးအကဲ Javed Patwary က နိုင်ငံမှာ မတည်မငြိမ်ဖြစ်စေရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် ကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့ကြခြင်း ဖြစ်တယ်လို့ ဇူလိုင် ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပေမဲ့ ထိုသို့လုပ်ဆောင်ခဲ့တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

ရဲတပ်ဖွဲ့က ကောလာလဟတွေနဲ့ပတ်သက်ပြီး မီဒီယာမှတစ်ဆင့် အသိပညာပေးမှုနဲ့ လူတွေကို ၎င်းတို့ကိုယ်တိုင် တရားစီရင်မှု မလုပ်ကြရန် သတိပေးထားတယ်လို့ ဆိုပါတယ်။ ကောလာဟလတွေ ဖြန့်ဝေနေတဲ့ YouTube channel အနည်းဆုံး ၂၅ ခု၊ Facebook page ၆၀ နဲ့ ဝက်ဘ်ဆိုက် ၁၀ ခုကို ပိတ်ပင်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Javed Patwary က ပြောပါတယ်။

(ကောလာဟလတွေကို မယုံကြရန် အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်စဉ်) (Photo: bdnews24.com)

အစွန်အဖျား နေရာဒေသတွေမှာလည်း အရာရှိတွေက ကောလာဟလတွေကို မယုံကြည်ကြရန် အသံချဲ့စက်များသုံးပြီး သတိပေး နှိုးဆော်နေတယ်လို့ သိရပါတယ်။ "ကျွန်တော်တို့က ကောလာဟလတွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုနဲ့ လူထုကို အထိတ်တလန့် မဖြစ်ကြဖို့ ပြောပါတယ်" လို့ ဘင်္ဂလားဒေ့ရှ် အနောက်မြောက်ပိုင်း Chapainawabganj ဒေသရှိ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

ဒေသခံ မီဒီယာတွေရဲ့ အဆိုအရ ၂၀၁၀ ခုနှစ်ကလည်း ဘင်္ဂလားဒေ့ရှ်မှာ တံတားတစ်စင်း တည်ဆောက်ရေးစီမံကိန်းနဲ့ ဆက်နွယ်နေတဲ့ လူအုပ်စုက ဝိုင်းဝန်းသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ဖူးကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း WhatsApp မက်ဆေ့ချ် အက်ပလီကေးရှင်းမှတစ်ဆင့် ကလေးပြန်ပေးဆွဲမှု ကောလာဟလများ ဖြန့်ဝေခဲ့ရာမှ သံသယရှိသူတွေကို ဝိုင်းဝန်းသတ်ဖြတ်မှုတွေ မကြာသေးမီက ဖြစ်ပွားခဲ့ပါတယ်။

Source: BdNews24.com, BBC, AFP, Dhaka Tribune


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က