Ko John

ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ အန်နီမေးရှင်းစတူဒီယို အဆောက်အအုံကို သံသယဖြစ်ဖွယ် တမင်ရည်ရွယ် မီးရှိုခဲ့မှုကြောင့် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူ ၃၃ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူအချို့ အပါအဝင် လူဦးရေ ဒါဇင်နဲ့ချီ ဒဏ်ရာခဲ့ကြောင်း သိရပါတယ်။

(Photo: @mipyong1/Twitter)

ယနေ့ (ဇူလိုင် ၁၈ ရက်) ဖြစ်ပွားခဲ့တဲ့ စတူဒီယိုမီးလောင်မှုဟာ တမင်ရည်ရွယ် မီးရှို့တိုက်ခိုက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ NHK သတင်းက ပြောပါတယ်။ အန်နီမေးရှင်းစတူဒီယို မီးလောင်မှုအတွင်း လူ ၃၃ ဦး သေဆုံးကြောင်း အတည်ပြုထားတယ်လို့ ကျိုကိုမီးသတ်ဌာနက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားစဉ် စတူဒီယို အဆောက်အအုံအတွင်း လူ ၇၀ ဝန်းကျင်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် လူ ၃၆ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေဖြစ်ကြောင်းလည်း သိရပါတယ်။ ယခု ဖြစ်ရပ်ဟာ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၈ နှစ် ၂၀၀၁ ခုနှစ်က မီးရှို့တိုက်ခိုက်မှုဖြစ်ကြောင်း သံသယရှိရတဲ့ တိုကျိုမြို့ရှိ အဆောက်အအုံ မီးလောင်မှုနောက်ပိုင်း လူအများဆုံး သတ်ဖြတ်မှုလည်း ဖြစ်လာပါတယ်။

(Photo: AP)

တိုအန်နီမေးရှင်း (Kyoto Aminamtion) ကုမ္ပဏီပိုင် စတူဒီယိုမှာ ယနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း NHK က အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။ မီးလောင်မှုဟာ တမင်ရည်ရွယ်ရှို့ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

"အမျိုးသားတစ်ယောက်က အရည်တစ်မျိုး ပက်လိုက်ပြီးတော့ မီးရှို့ခဲ့တယ်" လို့ ကျိုတိုစီရင်စုဆိုင်ရာ ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။

အန်နီမေးရှင်းစတူဒီယို မီးလောင်မှုဟာ စတင်လောင်ကျွမ်းပြီးနောက် နှစ်နာရီနီးပါးကြာတဲ့အထိ လောင်နေဆဲဖြစ်ပါတယ်။ "ဒဏ်ရာရသူများတယ်၊ ၁၀ ယောက်လောက်က ဒဏ်ရာပြင်းပါတယ်၊ ဒဏ်ရာပြင်းထန်သူ အများစုက သတိလစ်နေပုံရတယ်" လို့ ကျိုတိုမီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က AFP ကို ပြောပါတယ်။

(Photo: CGTN)

ယခု မီးလောင်မှုဖြစ်ပွားခဲ့တဲ့ စတူဒီယိုအဆောက်အအုံကို ပိုင်ဆိုင်တဲ့ ကျိုတိုအန်နီမေးရှင်းကုမ္ပဏီက ထင်ရှားကျော်ကြားတဲ့ အန်နီမေးရှင်း ရုပ်သံဇာတ်လမ်းတွဲတွေကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ နောက်ဆက်တွဲ သတင်းအချို့အရ စတူဒီယို အဆောက်အအုံကို မီးရှို့ခဲ့မှုဖြင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ၎င်းကလည်း မီးရှို့ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ထိုအမျိုးသားရဲ့ အမည်ဟာ Shinji Aoba ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

နောက်ဆက်တွဲသတင်း - မီးရှို့ခံရတဲ့ စတူဒီယိုက ၎င်းရဲ့ဝတ္ထုကို ခိုးခဲ့တယ်လို့ မီးရှို့မှုဖြင့် သံသယရှိသူက ယုံကြည်ခဲ့


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က