ရေကြီးမြေပြိုမှုများအတွင်း လူဦးရေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
Ko John

ဂျပန်နိုင်ငံ နေရာဒေသတွေမှာ စံချိန်တင် မိုးသည်းထန်ခဲ့ပြီးနောက် ရေကြီးမှုနဲ့မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ၁၅၅ ဦးအထိ မြင့်တက်လာကြောင်းနဲ့ ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်မှေးမှိန်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၁၀ ရက်) ပြောပါတယ်။

Photo: CGTN



ရေကြီးမြေပြိုမှုများအတွင်း လူဦးရေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ယမန်နေ့ (ဇူလိုင် ၉ ရက်) မှာ မိုးရွာသွန်းမှု လျော့နည်းသွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက အစောပိုင်းမှာ သွားရောက်နိုင်ခဲ့ခြင်းမရှိတဲ့ နေရာတွေကို ရောက်ရှိနိုင်ခဲ့ပါတယ်။အဆိုပါနေရာများရှိ အပျက်အစီးများအောက်မှာ ပိတ်မိသေဆုံးသူတွေ ရှိနေနိုင်မှုကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။ ယခုဖြစ်ရပ်ဟာ ဂျပန်မှာ ဆယ်စုနှစ်သုံးခုကျော်အတွင်း မိုးရွာသွန်းမှု နောက်ဆက်တွဲကြောင့် လူသေဆုံးမှုအများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး (Photo: Reuters)

ဂျပန်မှာ ရေကြီးမြေပြိုမှုကြောင့် လူသေဆုံးတွေ မြင့်တက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှင်ဇိုအဘေးက ၎င်းရဲ့ နိုင်ငံလေးခုသို့သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဘေးက ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေကို ယခုသီတင်းပတ်နှောင်းပိုင်းမှာ သွာရောက်ကြည့်ရှုမယ်လို့ ဆိုပါတယ်။မိုးသည်းထန်စွာရွာပြီး ရေကြီးမြေပြိုတွေကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့အနောက်ပိုင်းတွေမှာ မြေပြင်အခြေအနေနဲ့ ရှုခင်းမြင်ကွင်းတွေ ပြောင်းလဲသွားခဲ့ပါတယ်။

Photo: CNN

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ပြီး လေးရက်ကြာမြင့်ခဲ့ပြီဖြစ်ရာ ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက်တွေ့နိုင်ရန် မျှော်လင့်ချက်မှေးမှိန်လာတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ရေကြီးမှုတွေဖြစ်ခဲ့တဲ့ ဂျပန်အနောက်ပိုင်းရှိ ကျေးရွာအချို့မှာ ရွာလုံးကျွတ်ရေလွှမ်းမိုးခံခဲ့ရပြီး ဒေသခံတွေဟာ နေအိမ်ခေါင်းမိုးများပေါ်တက်နေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်ဆိုင်းခဲ့ကြရပါတယ်။

Photo: Daily Sabah

မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးမြေပြိုမှု ဖြစ်ပွားတဲ့နေရာတွေမှာ မီးသတ်သမားများ၊ ကယ်ဆယ်ရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်အပါအဝင် အင်အား ၇၃,၀၀၀ က ကယ်ဆယ်ရေးလုပ်ဆောင်နေကြပြီး ရဟတ်ယာဉ် အစီးရေ ၇၀၀ ကိုလည်း ကူညီနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ပြောပါတယ်။

Photo: Getty Images



လတ်တလော စံချိန်တင် မိုးရွာသွန်းခဲ့မှုတွေအနက် ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့အနောက်ဘက် မိုင် ၃၇၀ အကွာရှိ မိုတိုယာမာမြို့ (Motoyama) မှာ ပြီးခဲ့တဲ့ သောကြာနေ့ (ဇူလိုင် ၆ ရက်) မနက်ပိုင်းမှ စနေနေ့ (ဇူလိုင် ၇ ရက်) မနက်ပိုင်းအထိ မိုးရေချိန် ၂၃ လက်မအထိ ရွာသွန်းခဲ့ကြောင်းလည်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Photo: Bloomberg

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ဆက်စပ်ပြီး အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ထိုစဉ်က ဟီရိုရှီးမားဒေသမှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။


Author


က္က