Ko John

ပစိဖိတ်သမုဒ္ဒရာကောင်းကင်ယံမှာ လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့တဲ့ ဂျပန်တိုက်လေယာဉ် အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

(မီဆာဝါလေတပ်စခန်းမှာတွေ့ရသည့် F-35A တိုက်လေယာဉ်) (Photo: U.S. Air Force)

F-35A အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်ဟာ လေ့ကျင့်ပံျသန်းနေစဉ် ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်အပျက်အစီးတွေကို ယနေ့ (ဧပြီ ၁၀ ရက်) ရှာဖွေတွေ့ရှိခဲ့ပေမဲ့ တိုက်လေယာဉ်မှူးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်မှူးဟာ နာရီ ၃,၂၀၀ ပျံသန်းမှုအတွေ့အကြုံရှိပြီး F-35A လေယာဉ်ကို မောင်းနှင်ပျံသန်းမှု အတွေ့အကြုံ နာရီ ၆၀ ရှိကြောင်းသိရပါတယ်။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့မှ F-35A တိုက်လေယာဉ်ဟာ ဧပြီ ၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲဝန်းကျင်မှာ ရေဒါမြင်ကွင်းမှ ပျောက်သွားခဲ့တယ်။

(ဂျပန်ကို ပထမဆုံးရောက်ရှိလာသည့် F-35A တိုက်လေယာဉ်ကို ကြိုဆိုမှုအခမ်းအနား) (Photo: Reuters)

အဆိုပါ တိုက်လေယာဉ်ဟာ Aomori စီရင်စုရှိ မီဆာဝါ (Misawa) လေတပ်စခန်းမှ ထွက်ခွာသွားခဲ့ပြီးနောက် မိနစ် ၃၀ အကြာမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ F-35A တိုက်လေယာဉ်ပျက်ကျမှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ဆိုပါတယ်။

F-35A တိုက်လေယာဉ်ဟာ အနက်ပေ ၅,၀၀၀ ခန့်ရှိတဲ့ ရေထဲကို ပျက်ကျသွားခဲ့တာဖြစ်ပြီး ပြန်လည်ဆယ်ယူဖို့ ခက်ခဲနိုင်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တာကာရှိ အိုင်ဝါယာ (Takeshi Iwaya) က ပြောပါတယ်။ ယခု တိုက်လေယာဉ်ပျက်ကျပြီးနောက် ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ နောက်ထပ် F-35A တိုက်လေယာဉ်တွေ ပျံသန်းမှုကို ရပ်ဆိုင်းထားစေမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

(Photo: AFP/Kazuhiro NOGI)

ဂျပန်နိုင်ငံက အိုဟောင်းနေပြီဖြစ်တဲ့ F-4 တိုက်လေယာဉ်တွေနေရာမှာ Lockheed Martin က ထုတ်လုပ်ပြီး ရေဒါစနစ်ကိုရှောင်ကွင်းနိုင်တဲ့ F-35A အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်တွေကို အစားထိုးခဲ့တာဖြစ်ပါတယ်။ F-35A တိုက်လေယာဉ်တစ်စီးလျှင် ဂျပန်ယန်းငွေ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀) ကုန်ကျခဲ့ပါတယ်။ ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ယခု ပျက်ကျသွားတဲ့ တစ်စီးအပါအဝင် F-35A တိုက်လေယာဉ် ၁၃ စီး ပိုင်ဆိုင်ထားပြီး အသုံးပြုသက်တမ်း တစ်နှစ်နီးပါးဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က