ညအိပ် လာရောက်စောင့်ဆိုင်းအချို့လည်း ရှိခဲ့ပါတယ်။
Ko John

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း နန်းတက်ပွဲကျင်းပခဲ့တဲ့ ဂျပန်ဧကရာဇ် နာရူဟီတို အမိုးဖွင့်ကားဖြင့် အများပြည်သူမြင်ကွင်းမှာ လှည့်လှည်ခဲ့ရာ လမ်းဘေးဝဲယာတစ်လျှောက် လူဦးရေသိန်းနဲ့ချီ စောင့်ဆိုင်းကြည့်ရှုခဲ့ကြပြီး အလံများဝှေ့ယမ်းကာ ကောင်းချီးဩဘာပေးခဲ့ကြပါတယ်။

(Photo: AP)

ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) မွန်းလွဲပိုင်းမှာ ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ မိဖုရားမာဆာကိုတို့က တိုကျိုမြို့ရှိ နန်းတော်ကနေ ထွက်ခွာပြီး အမိုးဖွင့်ကားမှာလိုက်ပါလျက် မိနစ် ၃၀ ကြာ လှည့်လည်ခဲ့ကြကာ ပြည်သူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပါတယ်။ ဂျပန်ဧကရာဇ် လှည့်လည်မှုကို နန်းတက်ပွဲနဲ့အတူ ပြုလုပ်ရန်စီစဥ်ထားခဲ့ပေမဲ့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ရွှေ့ဆိုင်းထားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်ဧကရာဇ်တစ်ပါး ယခုကဲ့သို့ အမိုးဖွင့်ကားဖြင့် လှည့်လည်မှုဟာ ရှားရှားပါးပါးမြင်ကွင်းဖြစ်ပြီး ဧကရာဇ်ကိုတွေ့မြင်နိုင်ရန် ထောင်နဲ့ချီတဲ့ ပြည်သူတွေက နာရီအတန်ကြာ ကြိုတင်နေရာယူ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ညအိပ်လာရောက်စောင့်ဆိုင်းသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: EPA)

"ကျွန်မတို့ နေရာရဖို့အတွက် မနက် ၁၀ နာရီကတည်းက ဒီမှာ တန်းစီနေခဲ့ကြတာ၊ ဒါက တစ်သက်မှာ တစ်ကြိမ်ပဲရတဲ့ အခွင့်အရေးဆိုတော့ ကျွန်မတိုက လက်မလွတ်ချင်ဘူးလေ" လို့ တိုကျိုမြို့အပြင်ဘက် ဆိုင်တာမာစီရင်စုမှ လာရောက်ခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် ရိုကိုမိုရီက AFP သတင်းဌာနကို ပြောပါတယ်။

"ဒါပေမဲ့ ကျွန်မတို့ ကားကိုဖျတ်ကနဲပဲတွေ့လိုက်ရတာ ဝမ်းနည်စရာကောင်းတယ်၊ ကျွန်မက ဓာတ်ပုံရိုက်ဖို့ အာရုံစိုက်နေခဲ့တာ၊ ကျွန်မရဲ့ မျက်စိနဲ့တပ်အပ် ကြည့်လိုက်ရတယ်ဆိုရုံလေးပါပဲ" လို့ အသက် ၇၀ အရွယ် ချီရိုအမည်ရှိ သူငယ်ချင်းနဲ့အတူ လာရောက်ခဲ့တဲ့ ရိုကိုမိုရီက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: AP)

"ကျွန်မ သူ့ကိုမြင်ရတာ အရမ်းပျော်တာပဲ" လို့ အသက် ၈၄ နှစ်အရွယ် အဘွားအို ရိုကိုရိုကိုတာက စိတ်လှုပ်ရှားစွာ မျက်ရည်များနဲ့အတူ ဖွင့်ဟခဲ့ပါတယ်။ ထို့အတူ ဧကရာဇ် နာရူဟီတို အမိုးဖွင့်ကားဖြင့် လှည့်လည်မှုမတိုင်မီ နာရီပိုင်းအလိုကတည်းက စောင့်ဆိုင်နေခဲ့တဲ့ ယူကာရီအိုရှီတာ အမည်ရှိ အမျိုးသမီးကလည်း သူမအနေနဲ့ ကမ္ဘာစစ်အပြီး ပေါ်ထွက်လာတဲ့ ပထမဆုံး ဧကရာဇ်နဲ့ နီးကပ်တယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

"ဧကရာဇ်က ကျွန်မထက် အသက်နည်းနည်းငယ်တယ်၊ ဒါပေမဲ့ ကျွန်မတို့က မျိုးဆက်အတူတူပဲပေါ့၊ သူနဲ့ဆက်နွယ်မှုရှိသလို ခံစားရတယ်၊ မိဖုရားမာဆာကိုကလည်း ခေတ်သစ်အမျိုးသမီးတွေအတွက် စံပြအမျိုးသမီးတစ်ယောက် ဖြစ်လာနိုင်ပါတယ်" လို့ သူမကဆိုပါတယ်။

(Photo: Reuters)

ဧကရာဇ် နာရူဟီတို အမိုးဖွင့်ကားဖြင့် လှည့်လည်တဲ့ခရီးအကွာအဝေးဟာ သုံးမိုင်နီးပါးမျှရှိပြီး စောင့်ဆိုင်းကြည့်ရှုသူဦးရေ ၁၁၉,၀၀၀ ရှိကြောင်း ဂျပန်အစိုးရက ခန့်မှန်းခဲ့တယ်လို့ NHK သတင်းက ပြောပါတယ်။ နာရူဟီတိုက အသက် ၈၅ နှစ်အရွယ် ဖခင်ဖြစ်သူ ဧကရာဇ်အကီဟီတို ကျန်းမာရေးကြောင့် ထီးနန်းစွန့်ခဲ့ပြီးနောက် ယခုနှစ် မေလ ၁ ရက်နေ့မှာ ဂျပန်ဧကရာဇ် အရိုက်အရာကို ဆက်ခံခဲ့ပြီး တရားဝင် နန်းတက်ပွဲကို အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အကီဟီတိုဟာ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ထီးနန်းစွန့်တဲ့ ပထမဆုံး ဧကရာဇ်လည်း ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဧကရာဇ်တစ်ပါး ထီးနန်းတက်ပွဲကို လွန်ခဲ့တဲ့ ၂၉ နှစ်ဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ်မှာ နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

(Photo: Jiji Press/AFP)

ထိုစဉ်က နာရူဟီတိုရဲ့ ဖခင်ဖြစ်သူ ဧကရာဇ်အကီဟီတိုရဲ့ ထီးနန်းတက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်ထီးနန်းရဲ့ ၁၂၆ ဆက်မြောက် ဧကရာဇ်ဖြစ်လာတဲ့ နာရူဟီတိုဟာ မိဖုရားမာဆာကိုနဲ့ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အိုက်ကို (မင်းသမီးတိုရှီ) အမည်ရှိ တစ်ဦးသော သမီးတစ်ဦးရှိပါတယ်။ ဧကရာဇ်နာရူဟီတိုရဲ့ မိဖုရားမာဆာကိုဟာ ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဧကရာဇ်နာရူဟီတိုကတော့ ၁၉၈၂ ခုနှစ် မတ်လမှာ တိုကျိုရှိ ပုဂ္ဂလိကတက္ကသိုလ် Gakushuin University မှ Bachelor of Letters ဘွဲ့ရရှိခဲ့ပါတယ်။ နာရူဟီတိုဟာ ၁၉၈၃ ခုနှစ် ဇူလိုင်လမှာ အင်္ဂလိပ်ဘာသာကို သုံးလပြတ်လေ့လာသင်ယူခဲ့ပြီးနောက် ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်ရဲ့ Merton ကောလိပ်ကို တက်ရောက်ခဲ့ပါတယ်။

(Photo: Jiji Press/AFP via Getty Images)

ဧကရာဇ်နာရူဟီတိုက ၁၉၈၆ ခုနှစ်အထိ Merton ကောလိပ်မှာ ပညာသင်ယူခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ သဘာဝရေအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို စိတ်ဝင်စားသူတစ်ဦး ဖြစ်ပါတယ်။ ဧကရာဇ်နာရူဟီတိုက တယောထိုးခြင်း၊ ဖြေးဖြေးမှန်မှန်ပြေးခြင်း၊ ခြေလျင်ခရီးထွက်ခြင်းနဲ့ တောင်တက်ခြင်းတို့ကို ဝါသနာပါသူဖြစ်တယ်လို့ ဆိုပါတယ်။



က္က